Skip to main content

သီပေါမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအား ထပ်မံဖွင့်လှစ်၊ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံးပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုတို့ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၂၂ ရက်တွင်လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း တို့ကိုလည်းကောင်း၊ ယနေ့ တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းကိုလည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ၄ ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၁၀၁ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၃၃၁ ဦး ကျောင်းတက်ရောက်၍ စာပေပညာများကို စိတ်အေးချမ်းသာစွာ သင်ကြားလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းနေအရွယ် အသက်(၁၅) နှစ်အောက် ကျောင်းသား/ကျောင်းသူမျာ ၁၄၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

ထို့အပြင် ယနေ့တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ဘော်ကြို)ကျောင်းများ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ကျောင်းဝန်းအတွင်း/အပြင်နှင့် စာသင်ဆောင်များ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၁၆ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ ၂ ဦး တို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။