Skip to main content

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် တရားမျှတ၍ ပြည့်စုံမှန်ကန်သည့် ရွေးကောက်ပွဲဖြစ်ပြီး အားလုံးကနေ အသိအမှတ်ပြုမည်ဟု ထင်မြင်ပါကြောင်း ဂျပန်နိုင်ငံအစိုးရ၏ အထွေထွေရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာရိုဟေးဆာဆာကာဝါ ပြောကြား

ရန်ကုန် နိုဝင်ဘာ ၉
 
ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင် မစ္စတာရိုဟေးဆာဆာကာဝါသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် Online Press Conference ကျင်းပသည်။
မစ္စတာ ဆာဆာကာဝါသည် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ မြန်မာနိုင်ငံတွင်နေထိုင်ကာ ဂျပန်နိုင်ငံအစိုးရ၏ အထွေထွေရွေး ကောက်ပွဲလေ့လာရေး အဖွဲ့ဦးဆောင်သူအဖြစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား လေ့လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့လေ့လာရာ၌ ယခုကျင်းပသည့် ရွေးကောက်ပွဲ သည် တရားမျှတပြီး ပြည့်စုံမှန်ကန်သည့် ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြုမည်ဟု ထင်မြင်မိကြောင်း၊ မဲပေး သည့် ပြည်သူများသည် အေးချမ်းစွာဖြင့် စီတန်း၍ စနစ် တကျ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ အချို့နိုင်ငံများတွင် မဲနှစ်ကြိမ်ထည့်သည့်အဖြစ်မျိုး ဖြစ်ပေါ်လေ့ ရှိသည့်အတွက် မိမိတို့ ဂျပန်အစိုးရအနေဖြင့် ဆန္ဒမဲပေးပြီးသည့်အခါ လက်ကိုမင်တို့ အမှတ်အသားပြုလုပ်နိုင်ရန် အထူးမင်ကို လှူဒါန်းခဲ့သည်ကို အားလုံးသိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများအသုံးပြု နိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းတန်ဖိုးရှိ ကြာရှည်ခံမင်ဘူး ၁၁၃၀၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့သည်။
ယခုကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မလာနိုင်ဟူ၍ ဝေဖန် သုံးသပ်ခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေး အဖွဲ့များ ရှိခဲ့သည်ဆိုသည့်မေးခွန်းအပေါ် မစ္စတာ ဆာဆာကာဝါက “အခုကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝေဖန်မှုတွေရှိခဲ့ တယ်ဆို တာကို ကျွန်တော်သိထားပါတယ်။ ကျွန်တော်ဟာ မဲရုံ တွေကို သွားရောက်လေ့လာခဲ့ပါတယ်။
လေ့လာတဲ့အခါမှာ အခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးထဲမှာပဲ လေ့လာခွင့် ရခဲ့ပါတယ်။ အထူးမင်ကို ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လည်း ကျွန်တော်တို့ လှူဒါန်းခဲ့ပါတယ်။ ပြည်သူတွေဟာ ဆိုရင် အဲဒီမင်ကိုပြသပြီးတော့မှ သူတို့မဲထည့်ခဲ့ကြောင်း သက်သေပြတာကို တွေ့မြင်ရပါတယ်။ အေးချမ်းစွာစီတန်း ပြီး မဲလာထည့်တဲ့ ပြည်သူတွေကိုလည်း ကျွန်တော်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
“တွေ့ဆုံမေးမြန်းတဲ့အခါမှာ အချို့က သူတို့တွေ စိတ်လှုပ်ရှားနေပါတယ်။ မနေ့ကတည်းက စိတ်လှုပ်ရှား နေတာပါဆိုပြီး ဖြေကြားခဲ့ပါတယ်။ သူတို့ထည့်တဲ့ မဲတစ်ပြားနဲ့ နိုင်ငံတော်ကို ပြောင်းလဲအောင်ပြုလုပ်နိုင်တယ် လို့လည်း ဖြေကြားခဲ့ပါတယ်။ သူတို့ဟာ ကိုယ်ထည့်တဲ့မဲတစ်ပြားနဲ့ နိုင်ငံတော်ကို ပြောင်းလဲသွားစေနိုင်တယ် ဆိုတဲ့ အသိရှိတယ် ဆိုတာကိုလည်း ကျွန်တော်တွေ့ခဲ့ရပါတယ်။
“အခုအကြိမ် ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်မှု အနည်းအကျဉ်းရှိခဲ့ပါလိမ့်မယ်။ သို့သော် နိုင်ငံတကာ အနေနဲ့ အခုအကြိမ် မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး ပြည့်စုံမှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာ အားလုံးကနေ အသိအမှတ်ပြုမယ်လို့ ကျွန်တော် ထင်မိပါတယ်” ဟု ဖြေကြားခဲ့သည်။
မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် သံရုံးဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကိုရယူကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံ ၁၀ ရုံကို သွားရောက်လေ့လာခဲ့ပြီး မဲရုံအခြေအနေ ကြည့်ရှုလေ့လာခြင်း၊ ဆန္ဒမဲပေးမှုအခြေအနေနှင့် မဲရေတွက်မှု အခြေအနေများကို တစ်စိတ်တစ်ပိုင်း ကြည့်ရှုလေ့လာခဲ့ခြင်း များပြုလုပ်ခဲ့ကြောင်း ယနေ့ကျင်းပသည့် Online Press Conference မှသိရသည်။
ယခုကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုများ သည် အလွန်ကောင်းမွန်သည်ဟု ထင်မြင်မိကြောင်း၊ တရားဝင်ကြေညာချက် ပြုလုပ်ခြင်းမရှိသေးသော်လည်း မဲထည့်သည့် ရာခိုင်နှုန်းမှာ မြင့်မားမည်ဟုထင်မြင်မိ ကြောင်းကိုလည်း မစ္စတာ ဆာဆာကာဝါက ယခုလို ဖြေကြားထားသည်။
“ အခုအကြိမ် ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိနေပြီး ကူးစက်မှုရာခိုင်နှုန်း မြင့်မားနေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကျင်းပဖို့ သင့်တော်ပါ့မလားဆိုတဲ့ တင်ပြမှုတွေရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေ အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာချက် ပြုလုပ်ခြင်းမရှိသေးသော်လည်း မဲထည့်တဲ့ ရာခိုင်နှုန်းကတော့ မြင့်မားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပထမတစ်ချက်က ကိုဗစ်-၁၉ ရှိနေတဲ့ အတွက် မဲရုံခွဲတွေ တော်တော်များများ ဖွင့်လှစ်ထားတဲ့အတွက်ကြောင့် ကိုယ်နေထိုင်တဲ့နေရာတွေနဲ့ ဝေးကွာတဲ့ အနေအထားမရှိတဲ့ အနေအထားကြောင့် မဲရုံကိုသွားဖို့ လွယ်ကူတဲ့အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် မဲထည့်တဲ့ ရာခိုင်နှုန်းမြင့်မားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လမ်းညွှန်မှုတွေဟာ အလွန် ကောင်းမွန်တယ်လို့ ထင်ပါတယ်။ မဲရုံလာတဲ့ ပြည်သူတွေ ဟာ အင်မတန်များပြားတယ်။ မဲလာထည့်တဲ့ ပြည်သူတွေ ဟာ ကိုဗစ်-၁၉ အခြေအနေကြောင့် စိုးရိမ်မှုတွေ ရှိခဲ့မယ်လို့ ထင်ခဲ့တယ်။ သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုးစားအား ထုတ်မှုတွေရှိခဲ့လို့ ဒီအခြေအနေကို ကျော်ဖြတ်ပြီး မဲလာထည့်တဲ့ အခြေအနေတွေရှိခဲ့တဲ့ အတွက်ကြောင့် မဲထည့်တဲ့ ရာခိုင်နှုန်းမြင့်မားမယ်လို့ ထင်ပါတယ်။
“ကျွန်တော်မဲရုံ ၁၀ ရုံကို သွားလေ့လာတဲ့အခါ ဆန္ဒမဲ လာထည့်တဲ့ ပြည်သူတွေဟာ စနစ်တကျရှိသလို မဲရုံ တာဝန်ခံတွေကလည်း စနစ်တကျရှိတာ တွေ့ခဲ့ရပါတယ်။ ဆန္ဒမဲ လာထည့်တဲ့သူတွေဟာ စနစ်တကျစီတန်းပြီး အသံ ကျယ်ကျယ်လောင်လောင်စကားပြောတာ၊ အချင်းချင်း စကားပြောတာ လုံးဝမရှိတာတွေ့ခဲ့ရတယ်။ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေ အသုံးချနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောသည်။
မစ္စတာ ဆာဆာကာဝါသည် ရွေးကောက်ပွဲနေ့ လေ့လာမှုများမပြုလုပ်ခင် နိုဝင်ဘာ ၆ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်နယ်အချို့ရှိဒေသများတွင် ရွေးကောက်ပွဲကျင်းပ နိုင်ခြင်းမရှိသည့်အပေါ် “ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အချို့ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတာ တွေရှိခဲ့ပါတယ်။ ကျွန်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ အဲဒီဒေသတွေမှာ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပ သွားမယ်လို့ ပြောကြားခဲ့တာ တင်ပြချင်ပါတယ်” ဟု မစ္စတာ ဆာဆာကာဝါက ဖြေကြားခဲ့သည်။
 
သတင်းနှင့်ဓာတ်ပုံ-ရဲခေါင်ညွန့်