Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံအဆင့်မြင့်တတ်သိပညာရှင်များဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်ဦးဆောင်၍ ဝန်ကြီးဌာနများမှကိုယ်စားလှယ် ၁၂ ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ၏ မြို့တော်မန်စီမြို့၌ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံအဆင့်မြင့်တတ်သိပညာရှင်များဆွေးနွေးပွဲသို့တက်ရောက်ရန် အောက်တိုဘာ ၂၁ ရက်က မန်စီမြို့သို့ ရောက်ရှိခဲ့သည်။

ညနေပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ တရုတ်ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Yunfei နှင့် တွေ့ဆုံဆွေးနွေး၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံသော ကြိုဆိုနှုတ်ခွန်းဆက်ညစာစားပွဲကို ဆက်လက်တက်ရောက်ပြီးတရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

အကျိုးဖြစ်ထွန်းစေမည်

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံအဆင့်မြင့် တတ်သိပညာရှင်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ H.E. Mrs. Yang Yang က အဖွင့်အမှာ စကားပြောကြားကာတာဝန်ရှိသူများက အလှည့်ကျဆွေးနွေးပြောကြားကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တရုတ်ပြည်သူများ၏ ကြီးပွားတိုးတက်မှုသည် မြန်မာပြည်သူများအားအကျိုးဖြစ်ထွန်းစေမည်ဖြစ်သကဲ့သို့ မြန်မာပြည်သူများ၏လူမှုစီးပွား တိုးတက်မှုသည်လည်း တရုတ်ပြည်သူများအား အကျိုးကျေးဇူးဖြစ်ထွန်းစေပါကြောင်း၊ နှစ်နိုင်ငံအကြားတည်ရှိသော တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ဤဆွေးနွေးပွဲက ပိုမိုခိုင်မြဲစေမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သည်။

ယင်းနောက် အဖွဲ့ဝင်ကိုယ်စားလှယ်များ၏ မိန့်ခွန်းပြောကြားမှုကို တက်ရောက်အားပေးကာ မွန်းလွဲပိုင်းတွင် မြန်မာ-တရုတ်ပညာရေးနှင့် အားကစားပူးပေါင်းဆောင်ရွက်ရေးအပြန်အလှန် Dialogue ဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။

ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်က မန်စီမြို့ ရွှေစေတီသို့ သွားရောက်ဖူးမြော်ပြီး တယ်ဟုန်သက်မွေးပညာ ကောလိပ်သို့သွားရောက်လေ့လာကာ ကောလိပ်အားကစားကွင်း၊ ဆေးသိပ္ပံပညာ၊ e-commerce ပညာ၊ မော်တော်ယာဉ်ပြင်ဆင်‌ရေး သင်တန်းတို့ကိုလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ မန်စီမြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး မူလတန်းကလေး ငယ်များစာသင်ခန်းအတွင်းသင်ယူလေ့လာနေမှုများကိုကြည့်ရှုပြီး အားကစားရုံ၊ မြက်ခင်းတုအားကစားကွင်းအတွင်း မူလတန်းကလေးငယ်များ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

လှည့်လည်လေ့လာ

ထိုမှတစ်ဆင့် Dehong Normal University သို့ ရောက်ရှိရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ပုံစံငယ်ကို ရှင်းလင်းပြသပြီး တက္ကသိုလ် သမိုင်းမှတ်တမ်းပြတိုက်အတွင်းလှည့်လည် လေ့လာသည်။

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယဉ်ကျေးမှုဌာန၊ ဇီဝသိပ္ပံဌာန၊ အေအိုင်နည်းပညာဌာနသင်တန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်းသိရသည်။

သတင်းစဉ်