နေပြည်တော် အောက်တိုဘာ ၂၄
အင်အားပြင်း မန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး(၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ကျင်းပသည်။
အစည်းအဝေးသို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ နေပြည်တော်နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘဏ်နှင့်ဘဏ် မဟုတ်သောငွေရေး ကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ်များနှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ချေးငွေလျှောက်ထားမှုများအပေါ် လိုအပ်ချက်များကိုတင်ပြခဲ့ပြီး မူဝါဒများကိုရန်ပုံငွေလုပ်ငန်းအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကာ ဒေသဆိုင်ရာအစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ချေးငွေများစိစစ်ရာတွင် မြန်ဆန်မှန်ကန်စေရန်အတွက်သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် တာဝန်ရှိသူများသတ်မှတ်ထား ရှိပေးရန်တို့နှင့်စပ်လျဉ်း၍ဗဟို ကော်မတီနှင့်လုပ်ငန်းအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ (၅၃)ကြိမ် မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် ASEAN Banking Conference တို့ကို နိုဝင်ဘာလတွင်ရန်ကုန်မြို့၌ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ဆွေးနွေး ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပုဂ္ဂလိကဘဏ်များမှ CEO များနှင့် မြန်မာနိုင်ငံဘဏ်များအသင်းအနေဖြင့် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် အလှည့်ကျလက်ခံကျင်းပရေး ကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
