Skip to main content

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးသို့ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အကြံပြုချက် ၉၃ ချက်ရရှိ

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို စနစ်တကျကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီများကလည်း အချင်းချင်းဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် NCA ဆိုင်ရာ အကြံပြုချက် စုစုပေါင်း ၉၃ ချက်ရရှိခဲ့ကြောင်း၊ အချို့အချက်များသည်အကျိုးရှိသည့် အကြံပြုချက်များ ဖြစ်ကြောင်း၊ လူငယ်များသည် ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည်ကိုတွေ့ရှိရကြောင်း၊ NCA (၁၀)နှစ် ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး နောင်ကျင်းပမည့် အခမ်းအနားများ၌ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကော်မတီအလိုက်အမှန် တကယ်သုံးစွဲခဲ့သည့် ဘတ်ဂျက်အသုံး စရိတ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ တင်ပြစေလိုကြောင်း ပြောကြားသည်။       

ထို့နောက် NCA (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူးက NCA(၁၀)နှစ် ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲအား ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း ခေါင်းစဉ်နှင့်အတူ ရှေ့လုပ်ငန်းစဉ်များအား မည်သို့ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစီးကော်မတီအစည်းအဝေးကို လေးကြိမ်ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးနှစ်ကြိမ်၊ NCA-S EAO အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းမှု လေးကြိမ်နှင့် နိုင်ငံရေးစကားဝိုင်းတွင်ပါဝင်သည့် Moderator ၊ Speaker များနှင့်လည်း အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ပြီး လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် တွေ့ကြုံရသည့်စိန်ခေါ်မှုနှင့် အားသာချက်၊ အားနည်းချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ငွေကြေးသုံးစွဲခဲ့မှုအခြေအနေကို ရှင်းလင်း ဆွေးနွေးကြသည်။

မျိုးဆက်သစ်များမွေးထုတ်

ထိုသို့ဆွေးနွေးမှုများအပေါ် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည်ဟု သုံးသပ်တွေ့ရှိရပြီး ငြိမ်းချမ်းရေး အတွက် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လိုကြောင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် ဒေသစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှရရှိလာသည့် အကြံပြုချက်များကို နောင်အစိုးရသစ်လက်ထက်၌ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အကြံပြုချက်ကောင်းများဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လိုအပ်သလို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်