နေပြည်တော် အောက်တိုဘာ ၂၃
စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိ
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ တာဝန်ထမ်းဆောင်ပြီးချိန်တွင် အလုပ်အကိုင်ရရှိရေးအတွက်ဖြစ်ကြောင်း၊ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်သူများဆိုသည်မှာ တပ်မတော်တွင် အမြဲတမ်းစစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရားဝင်နုတ်ထွက်ခွင့်ရရှိခဲ့ကြသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် သတ်မှတ်ချက်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့ စစ်မှုထမ်းများဖြစ်ပါကြောင်း၊ အမြဲတမ်းစစ်မှုထမ်းများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယခုဤကော်မတီဖွဲ့စည်းပြီး နောက်ပိုင်းတွင်လည်း ပေါင်းစပ်ပြီးဆောင်ရွက်လျက်ရှိကြောင်း၊ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၈ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ ၅ ခု ကို ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
ကော်မတီ၏ လုပ်ငန်းတာဝန်ပါအချက်များနှင့်အညီ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများကို အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှု၊ လက်မှုအတတ်ပညာများကို အဆင့်မီစွာ တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရေး၊ သင်တန်းတက်ရောက်အောင်မြင်ပြီးသူများကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းမှ အသိအမှတ်ပြုလက်မှတ် (Certificate of Recognition) ထုတ်ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်များကို အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အသိအမှတ်ပြု၍ အလုပ်နေရာခန့်ထားဆောင်ရွက်ပေးရေး၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်းအလုပ်သမားကတ် (Labour Card) ပြုလုပ်ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်အကိုင်ရရှိရန် ပြည်ပအလုပ်သမားကတ် (OWIC- Overseas Worker Identification Card) ထုတ်ပေးခြင်း၊ Agency များနှင့်ဆက်သွယ်၍ အလုပ်အကိုင်ရှာဖွေပေးခြင်းများကို အလုပ် သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းတာဝန်မထမ်းဆောင်မီ ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သော အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းနှင့် အဖွဲ့အစည်းများတွင် မူလအလုပ်အကိုင်၊ လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကော်မတီဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
