နောင်ချို၊ ကျောက်မဲပြီးသည့်နောက် သီပေါမှ ကလေးများလည်း ပညာသင်ခွင့်ရကြပြီဖြစ်သည်။ သက်ဆိုင်ရာက ကျောင်းအပ်ဆက်လက်လက်ခံလျက်ရှိရာ ကျောင်းအပ်သူများလည်း ဆက်လက်အပ်နှံနေကြဆဲ။ TNLA အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတို့ သီပေါကို ထိန်းချုပ်ထားသည့်ကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြသည့် ဒေသခံပြည်သူများမှာလည်း မိမိတို့မြို့ဆီသို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လာနေကြပြီဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံ၏ အခြေအနေသည် နိုင်ငံနှင့်ပြည်သူများအဖို့ အဆိုးရွားဆုံးသော အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းသည့်ဘက်ဆီသို့ ဦးတည်နေသည်။ ဤအခြေအနေကို ညတစ်ညအဖြစ် တင်စားမည်ဆိုလျှင် သန်းခေါင်ယံကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး မုန်တိုင်းတစ်ခုအဖြစ် ဥပမာပြုမည်ဆိုလျှင် မုန်တိုင်း၏ဗဟိုချက် ဖြတ်သန်းပြီးခဲ့ပြီဖြစ်သည်။ နိုင်ငံတွင်းရှိ ဒေသအများအပြားတွင် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကြောင့် တစ်စတစ်စ ဦးကျိုးလာခဲ့ပြီဖြစ်ပြီး မကြာမီ ခေါင်းမထောင်နိုင်တော့သည့်အဖြစ်မျိုးသို့ ရောက်ရှိတော့မည်ကို မြင်တွေ့နေရသည်။
အဖျက်သောင်းကျန်းသူတို့ ကင်းစင်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မဆိုင်းဘဲ ဆောင်ရွက်ကြရာတွင် ဒေသခံပြည်သူများနှင့် ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြင့် အကြမ်းဖက်အဖျက်သမားတို့၏ ထိန်းချုပ်မှုအောက်တွင် ကျောင်းမဖွင့်ရ၊ စာမသင်ရဘဲ အမှောင်ကျနေခဲ့ရာမှ အမိုက်မှောင်တို့ လွင့်ပြယ်သွားသည့်အခါ ကျက်သရေမင်္ဂလာ ပြည့်စုံလှစွာသော မြင်ကွင်းများကို ပြန်လည်မြင်တွေ့လာရသည်။ သနပ်ခါးပါးကွက်ကလေးများ ပါးပေါ်တင်ကာ အဖြူ၊ အစိမ်းကျောင်းဝတ်စုံကလေးများ ဝတ်ဆင်၍ ပျော်ရွှင်စွာကျောင်းတက်လာကြသည့် မြင်ကွင်းများ၊ မြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ကျောင်းအဝင်မှ ဝမ်းပန်းတသာ ဆီးကြိုကြသည့်မြင်ကွင်းများ၊ ကျောင်းသူ ကျောင်းသားကလေးငယ်တို့ ကျောင်းစာသင်ခန်းဆီသို့ စနစ်တကျ ဝင်ရောက်သွားကြသည်ကို ဝမ်းသာကြည်နူးစွာ ကြည့်ရှုနေကြသည့် မိဘအုပ်ထိန်းသူများ စသည့်မြင်ကွင်းများမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါမှသည် မကြာမီနိုင်ငံတစ်ဝန်းလုံးတွင် အကြားအလပ်မရှိ မြင်တွေ့လာရမည်ဟု ယုံကြည်သည်။
မိမိတို့နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာအောင် အဆုံးမသတ်နိုင်သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံနှင့်ပြည်သူတို့ ဆုံးရှုံးမှုကြီးမားလှသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားခြင်းသည် ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြုန်းတီးသွားခဲ့ရသည့် ငွေကြေးအရင်းအမြစ်၊ ရုပ်ဝတ္ထုအရင်းအမြစ်၊ လူသားအရင်းအမြစ်တို့၏တန်ဖိုးမှာ လွန်စွာ ကြီးမားများပြားလှသည်။ ပြုန်းတီးခဲ့ရသည့် အဆိုပါအရင်းအမြစ်တို့ကို နိုင်ငံတည်ဆောက်သည့်ဘက်တွင် ကောင်းစွာအသုံးချနိုင်ခဲ့လျှင် မိမိတို့သည် အရှေ့တောင်အာရှတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေနိုင်သည့် အလားအလာများရှိခဲ့သလို ရှိနေဆဲ လည်းဖြစ်သည်။
မကြာမီ လာမည့်ရက်ပေါင်း ၆၀ ကျော်တွင် မိမိတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးရွေးချယ်ကာ ဒီမိုကရေစီရှေ့ခရီးကို ဆက်ကြရမည်ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးတို့အတွက် မိမိတို့ရွေးချယ်လိုက်သည့် အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်၊ တစ်နည်းအားဖြင့် နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေကြသည့် ဒီမိုကရေစီရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်ဖျက်ဆီးရန် ကြံစည်ကြိုးစားမှုဟူသမျှတို့အား မိမိတို့ပြည်သူအားလုံးက ကြိုးပမ်းတိုက်ဖျက်ဟန့်တားသွားကြရပါမည့်အကြောင်း။ ။
