နေပြည်တော် အောက်တိုဘာ ၂၂
အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်က ယခုသင်တန်းက ရရှိခဲ့သည့် အတွေ့အကြုံ ဗဟုသုတများကို မိမိတို့လက်တွေ့လုပ်ငန်းခွင်နှင့် ပေါင်းစပ်ပြီး ပိုမိုအကျိုးရှိအောင် အသုံးပြုကြရန်၊ မိမိအထက်အဆင့်အရာထမ်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ထောက်ကူနိုင်ကြပြီး မိမိလက်အောက်အရာထမ်း၊ အမှုထမ်းများကိုလည်း သင်ကြားပြသကာ ကိုယ်တိုင်လည်း စံနမူနာပြဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၄၅ ဦး၊ သင်တန်းသူ ၄၈ ဦး စုစုပေါင်း ၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၂ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ ကြာမြင့်ခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင် ဦးဆန်းမြင့်သည် ပင်မရုံးအစည်း အဝေးခန်းမ၌ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လေ့ကျင့်ရေးဆိုင်ရာများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များမှာကြားပြီး တက္ကသိုလ်တွင် ဖွင့်လှစ်ဆဲသင်တန်းများ၏ စာသင်ခန်းမများသို့ သွားရောက်စစ်ဆေးသည်။
ယင်းနောက် တက္ကသိုလ်စစ်ရေးပြကွင်း၌ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၄)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ် စဉ်(၁၁၄)တို့၏ သင်တန်းဆင်း စစ်ရေးပြလေ့ကျင့်နေမှု၊ တက္ကသိုလ်ပင်မရုံး ဆေးသုတ်ခြင်းလုပ်ငန်းနှင့် သင်တန်းသားအိပ်ဆောင်၊ စစ်တောင်းဆောင် အကြီးစားပြင်ဆင်နေမှုအခြေအနေများ၊ သင်တန်းရိက္ခာအတွက် ရာသီသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ဥစားကြက်နှင့် အသားစားကြက် မွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် စိန်ပန်းဆောင်၌ အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ်(၁၅)မှ သင်တန်းသူများနှင့်အတူညနေစာ သုံးဆောင်သည်။
ထို့နောက် အလယ်အလတ် အဆင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်