Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မွန်ပြည်နယ်အတွင်းရှိ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အတ္ထရံတံတားသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို တံတားအထူးအဖွဲ့ (၁၄)မှ တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းစီမံချက်အတိုင်း တံတားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်တို့ကိုမှာကြားပြီး သံမဏိကြိုးတပ်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးသည်။

လက်ရှိ အတ္ထရံတံတားဟောင်းသည် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခံနိုင်ဝန်အားအရ အိမ်စီးယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုထားသည့်အတွက် မော်လမြိုင် တစ်ဖက်ကမ်းရှိစက်မှုဇုန်များသို့ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခက်ခဲသည့်အတွက် အတ္ထရံတံတားအသစ်ကြီး ပြီးစီးသွားပါက ယာဉ်တစ်စီးချင်းခွင့်ပြုတန် ၆၀ ဖြစ်ပြီး အချိန်မရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများအကြား အဓိကဆက်သွယ်သော လမ်းမကြီးဖြစ်သဖြင့် အတ္တရံတံတားသစ်ကို တန် ၆၀ ယာဉ်များ ဖြတ်သန်းသွားလာနိုင်စေရန် အဓိကရည်ရွယ်၍ အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး နိုင်ငံ တကာအဆင့်မီတံတားတည်ဆောက်ရေး နည်းပညာများ (Extra dosed / Cable Stayed) နှင့် တည်ဆောက်ခြင်းကြောင့် မြန်မာအင်ဂျင်နီယာများအဆင့်မြင့် တံတားဒီဇိုင်းပညာရပ်၊ အဆင့်မြင့် တည်ဆောက်ခြင်း နည်းပညာရပ်များ လေ့လာသင်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။                        

သတင်းစဉ်