Skip to main content

ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၂

ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Jasmin Naypyitaw Hotel ၌တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍစုံ၌ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန်သွယ် မှုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအကြား လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင် သောအဖွဲ့သည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ကြည်ညိုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်