ယနေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး၌ ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်များ နှင့်အညီ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပ သည်။ ထို့အတူ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း မြို့နယ် ရှစ်မြို့နယ်ရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင်လည်း မဲဆန္ဒရှင် ပြည်သူများ လာရောက်၍ လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မဲရုံများ၌ ပြည်သူများ လာရောက် ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုမရှိစေရေး၊ မဲရုံအတွင်း မဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး၊ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေး တို့အတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက် ပေးကြသည်။
မဲရုံများသို့ လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးခဲ့မှုအပေါ် ၎င်းတို့၏ တွေ့ကြုံခံစားချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရေးသား ဖော်ပြလိုက် ပါသည်။
မစုသက်နှင်း
(ဓနသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
မဲပေးဖို့အတွက် မနက် ၅ နာရီကတည်းက လာစောင့်နေတာပါ။ မဲရုံဖွင့်တဲ့အထိ စနစ် တကျ တန်းစီစောင့်ဆိုင်းခဲ့ပါတယ်။ မနက် ၆ နာရီထိုးတော့ မဲရုံမှူးက မဲရုံစတင် ဖွင့်လှစ် ပြီဖြစ်တဲ့အကြောင်း ကြေညာပါတယ်။ အဲဒီ နောက် ကျွန်မတို့ မဲပေးခဲ့ပါတယ်။ အစောဆုံး လည်း မဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးတဲ့အခါမှာ ဘာဖိအားမှမရှိဘဲ မဲပေးရပါတယ်။ ကျန်းမာ ရေးနဲ့ ပတ်သက်တာတွေလည်း ကျန်းမာရေး ဝန်ထမ်းတွေက စနစ်တကျ လုပ်ဆောင်ပေး တာကို တွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ တန်းစီဖို့လည်း တာဝန်ရှိသူ တွေက လိုက်လံဆော်ဩပေးပါတယ်။ မဲပေး တဲ့အခါမှာလွယ်ကူအောင် လမ်းညွှန်သင်္ကေတ တွေ လုပ်ပေးထားပါတယ်။ ကျွန်မအတွက် ဒီရွေးကောက်ပွဲက တတိယအကြိမ် မဲပေးခွင့် ရတာပဲဖြစ်ပါတယ်။ မဲပေးခွင့်ရတဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ ကျေနပ်ပီတိဖြစ်မိပါတယ်။ နိုင်ငံသားတာဝန် ကျေတယ်လို့လည်း ခံစားရပါတယ်။
မဟန်နွယ်ဦး
(အောင်ဇေယျရပ်ကွက်၊ လယ်ဝေးမြို့နယ်)
မဲရုံကို မနက် ၆ နာရီမှာ ရောက်တယ်။ မဲလာပေးတဲ့သူ မများသေးတဲ့အတွက် အများကြီးတန်းစီစရာမလိုဘဲ ချက်ချင်း မဲပေး ရပါတယ်။ တန်းစီတဲ့အခါမှာလည်း ခြောက်ပေ ခွာပြီး တန်းစီရသလို မဲပေးတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက် တွေနဲ့အညီ မဲပေးခဲ့ရပါတယ်။ မဲပေးတဲ့အခါမှာ လွတ်လွတ်လပ်လပ် မဲပေးနိုင်ခဲ့ပါတယ်။ ကိုယ်နှစ်သက်တဲ့ပါတီ၊ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရတဲ့ အတွက် ကျေနပ်မှုရှိပါတယ်။ ခိုင်လုံမဲဖြစ်ဖို့ ဘာတွေစစ်ဆေးဖို့ လိုတယ်၊ ဘယ်လိုမဲပေး ရမယ်ဆိုတာကို သတင်းစာတွေ၊ ရုပ်မြင် သံကြားတွေမှာ ကြိုတင်ကြည့်ထားတဲ့အတွက် ကိုယ်ပေးတဲ့မဲက ပယ်မဲမဖြစ်အောင် သေချာ စစ်ဆေးပြီး မဲပေးခဲ့ပါတယ်။
ဦးသန်းထွန်း
(အမှတ်(၂)ရပ်ကွက်၊ လယ်ဝေးမြို့နယ်)
ငါးနှစ်မှာတစ်ခါ မဲပေးခွင့်ရတာဖြစ်တဲ့ အတွက် ဒီနေ့မဲပေးရတဲ့အပေါ်မှာ စိတ် လှုပ်ရှားပါတယ်။ မဲပေးတဲ့အခါမှာ လွတ်လွတ် လပ်လပ်ရှိပါတယ်။ တာဝန်ရှိသူတွေကလည်း မဲပေးမှုအဆင့်ဆင့်မှာ မှားယွင်း မှုမရှိအောင်၊ လွယ်ကူမှုရှိအောင် ကူညီဆောင်ရွက် ပေးပါ တယ်။ အပူချိန်တိုင်းတာ၊ လက်သန့်စင် ဆေးရည် ဖျန်းတာ၊ Mask အသစ်လဲပေးတာ တွေလည်း လုပ်ပေးပါတယ်။ မဲပေးရတဲ့အတွက် နိုင်ငံသား တစ်ဦးထမ်းဆောင်ရမယ့် တာဝန် တစ်ခုကို လုပ်နိုင်ခဲ့တယ်လို့ ခံယူပါတယ်။ မဲလက်မှတ် အစွန်းအထင်းရှိမရှိ၊ တံဆိပ်တုံး မှာ UEC တံဆိပ်ပါမပါ စတာတွေကို သေချာ စစ်ဆေးပြီးမှ မဲပေးခဲ့ပါတယ်။ မဲပေးခဲ့တဲ့အပေါ် မှာလည်း ကျေနပ်မှုရှိပါတယ်။
ဦးမြင့်ဝေ
(အမှတ်(၂)ရပ်ကွက်၊ လယ်ဝေးမြို့နယ်)
ကျွန်တော်တို့က မိသားစု ငါးယောက် အတူမဲလာပေးကြတာပါ။ မဲရုံကို ၆ နာရီခွဲမှာ ရောက်တော့ နည်းနည်းတန်းစီ စောင့်ဆိုင်း ရပါတယ်။ တန်းစီတဲ့အခါမှာလည်း တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာပြီး တန်းစီနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ လူများတဲ့အတွက်ကြောင့် မူးဝေ တာမျိုး၊ အသက်ရှူကျပ်တာမျိုးဖြစ်ရင် ခေတ္တနားနေလို့ရအောင် အခန်းတစ်ခန်းစီစဉ် ထားတာ တွေ့ရပါတယ်။ မဲပေးတဲ့လုပ်ငန်း အဆင့်ဆင့်ကိုလည်း ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက သေချာလေ့လာထား တယ်။ ဒါကြောင့် လွယ်လွယ်ကူကူ မဲပေးနိုင် ခဲ့တယ်။ မဲရုံတာဝန်ရှိသူတွေက မဲစာရင်း စစ်ဆေးပြီးရင် ဘာလုပ်ရမယ်၊ မဲလက်မှတ် ဘယ်လိုထုတ်ရမယ်ဆိုတာတွေကို စနစ်တကျ ဖြစ်အောင် ပြောပြပေးပါတယ်။ လျှို့ဝှက် ဆန္ဒမဲပေးတဲ့အခါမှာတော့ ကိုယ့်စိတ်ကြိုက် မဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးရတဲ့အပေါ်မှာလည်း ကျေနပ်မှုရှိပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ ရွေးကောက်ပွဲနေ့ကို ရောက်ရှိဖို့ မျှော်လင့်နေခဲ့တာပါ။ အခုလိုဆန္ဒမဲ ပေးပြီးခဲ့တဲ့ အတွက် တာဝန်တစ်ခု ဆောင်ရွက်ပြီးသွားတယ် လို့ ခံစားရပါတယ်။ နိုင်ငံသားတာဝန်ကျေသွား တယ်လို့လည်း ယူဆတယ်။ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်မယ်လို့ ယူဆတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့တဲ့ အတွက် ကျွန်တော်တို့ဘက်က တာဝန်ကျေ ပါပြီ။ ရွေးကောက်ခံကိုယ်စားလှယ်လောင်း တွေအနေနဲ့ နိုင်ငံအတွက်၊ ပြည်သူအတွက် တာဝန်ကျေဖို့ပဲ ကျန်ပါတော့တယ်။ အားလုံး လည်း တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင် မယ်လို့လည်း မျှော်လင့်ပါတယ်။
ကိုဉာဏ်လင်းသိန်း
(သပြေလှရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)
မဲပေးရတာ အားလုံးအဆင်ပြေပါတယ်။ တန်းစီစောင့်ဆိုင်းတဲ့အချိန်ကနေ မဲပေးပြီးတဲ့ အချိန်အထိ ၄၅ မိနစ်ကြာပါတယ်။ ကိုဗစ် ကာလဆိုတော့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာ ရတာ၊ တစ်ဦးပြီးမှတစ်ဦး မဲပေးရတာတွေ ကြောင့် နည်းနည်းအချိန်ကြာသွားတာ ဖြစ်ပါ တယ်။ လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်။ ကိုယ်ပေးခဲ့တဲ့ဆန္ဒမဲက ခိုင်လုံမှုရှိဖို့အတွက် မဲရုံမှူးလက်မှတ်ပါ မပါ၊ မဲလက်မှတ်အစွန်း အထင်းရှိမရှိကို စစ်ဆေးပါတယ်။ တံဆိပ်တုံး နှိပ်တဲ့အခါ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ် အမည်ရဲ့ ဘေးအကွက်ထဲမှာ သေချာကျအောင် နှိပ်ပြီး မဲပေးခဲ့ပါတယ်။ ခိုင်လုံတဲ့ မဲတစ်မဲကို ပေးနိုင်ခဲ့ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို သေချာမဲပေးနိုင်ခဲ့တဲ့ အတွက်လည်း ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံ အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။
ဦးအောင်မြို့ (ကံဦးအုပ်စု၊ ပျဉ်းမနားမြို့)
ကျွန်တော်က ကံဦးအုပ်စု စိုက်ပျိုးဥယျာဉ် ကျေးရွာကနေ လာရောက်မဲပေးတာ ဖြစ်ပါ တယ်။ မဲပေးဖို့အတွက် ခြောက်ပေခွာတန်းစီ ရပြီး တန်းစီချိန် မိနစ်၃၀ ကြာပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး မဲရုံအဝင်မှာ Mask အသစ် လဲပေးတယ်။ လက်ကိုလည်း လက်သန့် ဆေးရည်နဲ့ ဖျန်းပေးတယ်။ ကိုယ်နှစ်သက် တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရလို့ စိတ် ကျေနပ်မှုရှိပါတယ်။ ကျွန်တော်ပေးတဲ့ မဲက ခိုင်လုံမှုရှိဖို့အတွက် မဲရုံမှူးလက်မှတ် ပါ၊ မပါ စစ်ဆေးတဲ့အပြင် တံဆိပ်တုံးကိုလည်း သေချာ ကြည့်ပြီး မဲပေးခဲ့ပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ အခုလိုပေးခွင့်ရတဲ့အတွက် ဝမ်းသာ ပီတီဖြစ်ပါတယ်။ နိုင်ငံရဲ့တာဝန်ကို တစ်ထောင့် တစ် နေရာက ပါဝင်ပြီး ကျေပွန်စွာထမ်းဆောင်ခဲ့ ရလို့ ကျေနပ်မိပါတယ်။
ကိုကျော်လှိုင်
(ကျန်စစ်သားရပ်ကွက်၊ ဇေယျာသီရိမြို့နယ်)
ကျွန်တော်က စစ်မှုထမ်းဟောင်းတစ်ဦးပါ။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလဆိုတော့ မဲပေး ဖို့အတွက် တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ တန်းစီရပါတယ်။ မဲရုံအဝင်မှာ ကိုယ်တပ်လာတဲ့ Mask ကို အမှိုက်ပုံးထဲထည့်ပြီး Mask အသစ် လဲရပါတယ်။ လက်ကို လက်သန့်ဆေးရည်နဲ့ ဖျန်းပေးပါတယ်။ အခုလိုလုပ်ပေးတာ ကျန်းမာ ရေးအတွက် အဆင်ပြေပြီး လုံခြုံစိတ်ချရတယ် လို့ ခံစားရပါတယ်။ လက်မှတ်ထိုးတဲ့ ဘောပင် က လူတိုင်းကိုင်နေတဲ့အတွက် မဲရုံက ပြန်ထွက် တဲ့အခါ လက်မဆေးရမှာ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် မဲရုံက ပြန်ထွက်တဲ့အခါမှာလည်း လက်ကို ပိုးသတ်ဆေးနဲ့ သေချာဖျန်းပေး တဲ့အတွက် အဆင်ပြေပါတယ်။ မဲပေးတဲ့ အခါမှာ လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့် ရတဲ့အတွက် အဆင်ပြေပါတယ်။ ကိုယ်ပေး တဲ့ မဲက ခိုင်လုံပြီး ပယ်မဲမဖြစ်ဖို့အတွက် မဲပေးတဲ့အခါ အားလုံးကို စိစစ်ပြီးမှ မဲပေးခဲ့ ပါတယ်။
ဦးထွန်းသန်း (န၀ဒေးရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်)
ကျွန်တော်က အငြိမ်းစားဝန်ထမ်းတစ်ဦး ပါ။ အခုချိန်က ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလ ဆိုတော့ မဲရုံအဝင်မှာ ကျန်းမာရေးအတွက် Mask အသစ်လဲပေးတယ်။ လက်သန့်ဆေးရည် ဖျန်းပေးတယ်။ ကျန်းမာရေးအရ ကိုယ့်မှာ ပါလာတဲ့ ဖြတ်ပိုင်းစာရွက်ကို စားပွဲပေါ်မှာ ချပြရတယ်။ အဲဒီစာရွက်ကို ကြည့်ပြီး မဲလက်မှတ်ထုတ်ပေးတယ်။ အခုလို လုပ် ဆောင်ပေးတာ မဲလာပေးတဲ့ ပြည်သူတွေ အတွက်ရော၊ မဲရုံတာဝန်ကျဝန်ထမ်းတွေ အတွက်ရော ကျန်းမာရေးအရ အဆင်ပြေ သွားတယ်။ မဲပေးတဲ့အခါ ဘာမှအနှောင့် အယှက်မရှိပါဘူး။ ကိုယ့်ကြိုက်တဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ် လပ်လပ်နဲ့ မဲပေးခွင့်ရတယ်။ မဲပေးတဲ့အခါ မှာလည်း အခက်အခဲမရှိအောင် လိုက်လံကူညီ ဆောင်ရွက်ပေးတဲ့အတွက် မဲရုံကတာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်မဲပေးပြီး မျှမျှတတ ထောက်ခံခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ အသက်က ၆၇ နှစ်ရှိပြီဆိုတော့ ကြိုတင်မဲ ပေးလို့ရပါတယ်။ ဒါပေမယ့် လူအများနဲ့ မဲပေးတဲ့အတွေ့အကြုံယူချင်တာကြောင့် ကြိုတင် မဲမပေးဘဲနဲ့ အခုလို ကိုယ်တိုင်ကိုယ်ကျလာပြီး မဲပေးရခြင်းဖြစ်ပါတယ်။
မအေးအေးအောင်(ဥတ္တရသီရိမြို့နယ်)
ကျွန်မက ဒီနှစ်မှာ ၁၈ နှစ်ပြည့်တာ ဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် မဲပေးခွင့် ရတော့ နည်းနည်း စိတ်လှုပ်ရှားတယ်။ ဒါပေမယ့် နိုင်ငံအတွက် ပထမဆုံးမဲပေးခွင့်ရပြီ ဖြစ်တဲ့အတွက် ပျော်လည်းပျော်တယ်။ မဲရုံ ဝင်တာနဲ့ Mask အသစ်လဲပေးတယ်။ ကိုယ်အပူ ချိန်တိုင်းတယ်။ ခြောက်ပေအကွာ တန်းစီရ တယ်။ ကိုယ်က ပထမဆုံးအကြိမ် မဲပေးခွင့်ရ တာဆိုတော့ မဲပေးတဲ့အခါ မှားယွင်းမှုမရှိဖို့ ကြိုတင်လေ့လာထားပါတယ်။ ဒါကြောင့် မဲပေးတဲ့အခါမှာ အခက်အခဲမရှိပါဘူး။ ကိုယ် ကြိုက်တဲ့ပါတီက ကိုယ်စားလှယ်လောင်း တွေကို လွတ်လွတ်လပ်လပ်နဲ့ စိတ်ချလုံခြုံစွာ မဲပေးခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ကိုယ် ပေးတဲ့မဲက ပယ်မဲမဖြစ်ဖို့နဲ့ ခိုင်လုံမှုရှိဖို့အတွက် သေချာစိစစ်ပြီးမှ မဲပေးခဲ့ပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ်ထောက်ခံတဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေ ကို အခုလို ပထမဆုံး မဲပေးခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ပါတယ်။
အင်တာဗျူး - မျိုးမင်းနိုင်
ဓာတ်ပုံ - စိုးဝင်းထွန်း