Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)သင်တန်းဖွင့်ပွဲများအားတိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နေပြည်တော် အောက်တိုဘာ ၂၁

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူနိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအားလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှသင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။

 

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-

၁။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံ့သားကောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ဒီသင်တန်းကို တက်ရောက်သင့်တယ်ထင်လို့ ကျွန်တော်တက်ရောက်ဖြစ်တာပါ။ နိုင်ငံသားတစ်ယောက်အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို တစ်ဖက်တစ်လမ်းကနေပြီး ကာကွယ်စောင့်ရှောက်သင့်တယ်ဆိုတဲ့ ကျွန်တော့်ရဲ့တာဝန်သိစိတ်ကြောင့်လည်းဖြစ်ပါတယ်။ ကျွန်တော့်နိုင်ငံတွင်မဟုတ်ဘဲ ဖွံ့ဖြိုးတဲ့နိုင်ငံတော်တော်များများက စစ်မှုထမ်းဥပဒေကိုကျင့်သုံးနေကြပါတယ်။ ကျွန်တော်ကတော့  ဒီဥပဒေကိုကောင်းတယ်လို့ထင်မြင်မိပါတယ်။ နိုင်ငံသားတိုင်းလည်း လိုက်နာပြီးဆောင်ရွက်သင့်ပါတယ်လို့ ထင်မြင်မိပါတယ်။ ဒီသင်တန်းကို ကျွန်တော်မလုပ်ဖူးခင်က မလုပ်ဖူးတဲ့အရာတွေ လုပ်ရမယ်ဆိုတော့နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ယောက်ျားတိုင်းတတ်သင့်တဲ့ ပညာရပ်ဖြစ်တာကြောင့် ဂုဏ်ယူစွာနဲ့သင်ကြားသွားချင်ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်တွေလည်း တစ်ဖက်တစ်လမ်းကနေ ကိုယ်တတ်စွမ်းသလောက် ထမ်းဆောင်သွားပါ့မယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ နောင်လာမယ့်ညီငယ်တွေကိုလည်း လာပြီးတက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်။

၂။ ကျွန်တော် ပြည်သူ့စစ်မှုထမ်းထဲဝင်ချင်တာလည်းကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ နဂိုတုန်းကလည်း    ကျွန်တော်ဝင်ချင်တာလည်း ရှိပါတယ်။ စိတ်ဆန္ဒလည်းရှိပါတယ်။ မြန်မာနိုင်ငံသားတိုင်း ပြည်သူ့စစ်မှု ထမ်းတာဝန်ထမ်းဆောင်ရမယ်ဆိုတာလည်း သိပြီးသားဖြစ်တဲ့အတွက် ကျွန်တော်အတတ်နိုင်ဆုံး  အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကိုလည် ပြည်သူ့စစ်မှုထမ်းဖို့ဖိတ်ခေါ်ပါတယ်။ ဒီသင်တန်းအမှတ်စဉ်(၁၈)စရောက်တဲ့အချိန်မှာ နည်းပြတွေ၊ အရာရှိတွေ၊ ဗိုလ်လေးတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ တပ်မတော်သားကောင်းဖြစ်အောင်ကြိုးစားသွားပြီး နေထိုင်သွားပါမယ်လို့လည်း ကတိသစ္စာပြုပါတယ်။

သတင်းစဉ်