Skip to main content

ပြည်သူများ စနစ်တကျမဲပေးခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ

ရန်ကုန်  နိုဝင်ဘာ  ၈

ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် အမှတ်(၇) မူလတန်းလွန်ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲဆန္ဒနယ် အမှတ်(၂) ရှိ မဲရုံ ၂၊ ၃၊ ၄၊ ၅ တို့တွင် နံနက် ၆ နာရီ မဲရုံစတင် မဖွင့်မီကတည်းက မိမိတို့နိုင်ငံသား အခွင့်အရေးအတွက် မဲပေးလိုသူပြည်သူများ စောင့်ဆိုင်း နေကြသည်။

မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လုပ်အားပေးတာဝန်ယူ ထားသူများ၊ ရပ်/ကျေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ယူပေးမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက ပြည်သူများ အချိန်မီ မဲပေးနိုင်စေရန်အတွက် နံနက် ၄ နာရီကတည်း က စတင်၍ မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ကြပြီး မဲစာရင်းစာရွက်များ စစ်ဆေးခြင်း၊ မဲပုံးများ စစ်ဆေးခြင်း၊ မဲပေးမည့် တံဆိပ်တုံးများ စစ်ဆေး ခြင်း၊ မဲပုံးများချိပ်ပိတ်ရာတွင် အသုံးပြုမည့် ကြိုးနံပါတ်များမှတ်သားခြင်း၊ လျှို့ဝှက် ဆန္ဒပြု မည့်အခန်းများ လုံခြုံမှုရှိမရှိ စစ်ဆေးခြင်း၊ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဖြစ်စေရေးအတွက် အားတက်သရော ဆောင်ရွက်ကြသည်။

နံနက် ၆ နာရီထိုးသည်နှင့် မဲရုံမှူး သည် တာဝန်ရှိသူများ၊ စောင့်ကြည့်လေ့လာသူ များ၊ တာဝန်ပေးအပ် ထားသည့် ကိုယ်စားလှယ် များ၊ သတင်းမီဒီယာများ ရှေ့မှောက်တွင် ပြည်သူများ ဆန္ဒပြုမည့် မဲပုံးကို ဖွင့်လှစ်ပြသ ၍ ချိပ်ပိတ်ကြိုးနံပါတ်မှတ်ကာ စည်းနှောင် လိုက်ကြသည်။

ယင်းနောက် တန်းစီစောင့်ဆိုင်းနေသော ပြည်သူများသည် မဲရုံအတွင်းသို့ ဝင်ရောက် ကြသည်။ မဲရုံအတွင်းသို့ မဝင်မီ ဆန္ဒမဲပေးမည့် ပြည်သူများကို အပူချိန်တိုင်းခြင်း၊ လက်သန့် ဆေးရည်ဖြင့် ဆေးကြောပေးခြင်း၊ နှာခေါင်းစည်း အသစ်များလဲလှယ်တပ်ဆင်ပေးခြင်းနှင့် မျက်နှာ အကာများအခမဲ့ ဝေငှခြင်းများကို မဲရုံတာဝန် ကျသူများ၊ Volunteer များက ပြုလုပ်ပေးနေ သည်ကို မြင်တွေ့ရသည်။

မဲဆန္ဒရှင်များအနက် သက်သေခံကတ်ပြား မပါရှိပါကလည်း ဆန္ဒမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် မဲဆန္ဒနယ်အမှတ် (၂)မှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကျော်မြင့်က “ ပြည်သူများ ဆန္ဒမဲပေးတဲ့နေရာမှာ မှတ်ပုံတင် သို့မဟုတ် သက်သေခံ ကတ်ပြားတစ်ခုခုမပါရင်၊ မရှိခဲ့ဘူး ဆိုပါတော့။ အဲဒီအခါကျရင် ရပ်ကွက်ရုံးမှာ ရပ်ကွက် ထောက်ခံစာယူပြီး လာပေးဖို့ မနေ့ ညကတည်းက ရပ်ကွက်ရုံးကနေ ကားနဲ့ လှည့်လည်ကြေညာ ထားပါတယ်။ နောက် တစ်ခုကတော့ မဲပေးဖို့ ကတ်ပြားရထားတယ်။ သက်သေခံကတ်ပြား၊ ထောက်ခံချက် မပါလာ ဘူး။ ကျွန်တော့်ရပ်ကွက်ထဲမှာ နေတယ်။ သူ့ကို ကျွန်တော်သိတယ်။ ဒါဆိုရင်တော့ မဲရုံမှူး ကို အကြောင်းကြားပြီး ကျွန်တော်က ထောက်ခံချက်ပေး မဲပေးခွင့်ပြုပါတယ်ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နေ့တွင် ပထမဆုံးဆန္ဒမဲပေးခွင့်ရသူ ရန်ကုန် သစ်ရပ်ကွက်၊ လွတ်လပ်ရေးလမ်းနေ ကိုဟိန်း ထက်ဇော်က “ ကျွန်တော် အသက် (၂၁ နှစ်) ရှိပါပြီ။ နိုင်ငံသား တစ်ယောက်အနေနဲ့ ပထမဆုံးမဲပေးခွင့်ရတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါရှိနေပေမယ့် ဝင်လာတာနဲ့ ကျွန်တော် တို့တပ်လာတဲ့ နှာခေါင်းစည်းတွေကို အပေါက်ဝ က အမှိုက်ပုံးထဲကို ထည့်စေပြီး အသစ်တစ်ခု ပေးတယ်။ မျက်နှာအကာ မပါတဲ့သူတွေကိုလည်း အသစ်တစ်ခု ပေးတယ်။ လက်သန့်ဆေးနဲ့ လည်း ဆေးခိုင်းတယ်။ အပူချိန်လည်း တိုင်း ပါတယ်။ ကျွန်တော်က ပထမဦးဆုံး မဲပေးခွင့် ရတာဆိုတော့ မဲပေးတဲ့နေရာမှာ အမှားအယွင်း ဖြစ်မှာစိုးလို့ သေသေချာချာလည်း ရှင်းပြပါ တယ်။ မဲပေးတဲ့အခါ ဘယ်နေရာမှာ ပေးရ မယ်ဆိုတာ ညွှန်ပြပေးပေမယ့် စောင့်ကြည့် တာမျိုး မရှိပါဘူး။ နိုင်ငံသားတစ်ယောက် အနေနဲ့ ပထမဆုံး မဲပေးခွင့်ရတဲ့အတွက် ရင်ခုန် တယ်။ စိတ်လှုပ်ရှားတယ်။ ကိုယ်ဆန္ဒပြု ချင်တဲ့ ပါတီကိုယ်စားလှယ်လောင်းကို မဲပေး ခွင့်ရတဲ့အတွက် ကျွန်တော်ပျော်တယ်ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ် ရပ်ကွက် အမှတ်(၇) မူလတန်းလွန်ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲဆန္ဒနယ်အမှတ်(၂) ရှိ မဲရုံ ၂၊ ၃၊ ၄၊ ၅ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၄၀၀ ခန့်ရှိ ကြောင်း သိရသည်။

ရန်ကုန်သစ်ရပ်ကွက်နေ ဦးခင်သန်းမောင် က “ အသက် (၅၇နှစ်) ရှိပြီ။ ကျွန်တော့် သက်တမ်းတစ်လျှောက် မဲပေးခဲ့တာကတော့ အခုနဲ့ဆို နှစ်ကြိမ်မြောက်ပါ။ ၂၀၁၀ တုန်း ကတော့ မပေးဖြစ်ခဲ့ဘူး။ အခုလို ကိုဗစ်ကာလ မှာ မဲပေးရတာနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်း မြို့နယ် ရန်ကုန်သစ်ရပ်ကွက်ရဲ့ စီစဉ်ပုံကို သဘောကျတယ်။ မဲရုံထဲ ဝင်လိုက်တာနဲ့ ရောဂါကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းကအစ ပေးပါတယ်။ နောက် ဒီနေရာမှာ လက်မှတ် ထိုးရပါမယ်။ ဒီနေရာမှာ မဲထည့်ရပါမယ်ဆိုပြီး ကူညီပေးပါတယ်။ ဆန္ဒပြုတာကတော့ ကိုယ့် သဘောနဲ့ကိုယ်ပါ။ သူများလည်း မမြင်ပါဘူး။ ကိုယ်ဆန္ဒနဲ့ကိုယ်ပါဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မဲရုံပေါင်း ၁၃၉ ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၈၄၀၀၀ ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် တိုင်းဒေသကြီး မဲဆန္ဒအမှတ် (၂) မဲရုံမှူး အမက(၇) မူလွန်ကျောင်း အုပ်ဆရာမကြီး ဒေါ်မိမိနိုင်က “ ညနေ ၄ နာရီထိုးတဲ့အထိ ပရဝဏ်ထဲကို တဖွဲဖွဲလာနေတယ်။ လူမပြတ် ဘူး။ မဲရုံမှူးတစ်ယောက်အနေနဲ့ ပြောရရင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အထူးလုပ် ဆောင်ပေး တယ်။ မဲဆန္ဒရှင်တွေကလည်း လိုက်နာကြတယ်။ ၂၀၁၅ ထက်စာရင် ဒီနှစ် မဲပေးပုံက ပိုအဆင် ပြေတယ်။ စနစ်တကျ တန်းစီပြီး မဲပေးတယ်။ မဲရုံက ကလေးတွေက လည်း မဲဆန္ဒရှင်တွေ မသိတာတွေကို ကူညီပေး တယ်။ ၂၀၁၅ မှာလည်း မဲရုံမှူးလုပ်ခဲ့တော့ အတွေ့အကြုံအရ ပြောရရင် ဒီနှစ် ၂၀၂၀ မဲပေး တဲ့သူတွေက ပိုစနစ်ကျလာတယ်။ စနစ်ကျလာ တယ်ဆိုတာ မဲပေးသူတွေမှာ ပယ်မဲနည်းလာ တာကိုပြော တာ။ နောက်မဲပေးတဲ့သူ ပိုများ လာတယ်။ မဲပေးရတဲ့ပုံစံကို သိလာတယ်။ သိပ်ပြီးပြောစရာမလိုတော့ဘူးဟု ပြောသည်။

ယခင် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် စည်းကမ်းတကျရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့် အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို စနစ်တကျ အသုံးပြုနိုင်ခဲ့သည်ဟု တာဝန်ရှိသူများ၊ မဲဆန္ဒရှင်များ၏ ပြောကြားချက်များအရ သိရှိရသည်။

ရဲခေါင်ညွန့်

ဓာတ်ပုံ - ဖိုးထောင်