Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၈

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စစ်ကိုင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၌ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ငွေရေးကြေးရေးနှင့် အခွန် ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူကို ဝန်ဆောင်မှုပေးနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်ဝန်ကြီးဌာန တစ်ခုဖြစ်ကြောင်း။

ငလျင်ကြောင့် ရုံးဌာနများ ထိခိုက်ပျက်စီးခဲ့သော်လည်း ဝန်ထမ်းများအနေဖြင့် ရုံးပြန်လည်ပြုပြင် တည်ဆောက်မှုလုပ်ငန်းများကြားမှ ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းတိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း၍ လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောရုံးအဆောက်အအုံများကို အမြန်ဆုံး အရည်အသွေးပြည့်ဝစွာ ပြန်လည်ပြင်ဆင်ကြရန်လိုအပ်ကြောင်း၊ ဆက်လက်၍လည်း ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ပြင်ဆင်နေမှုအခြေအနေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးခရိုင်ဘဏ်ခွဲ ပျက်စီးမှုနှင့် ပြန်လည်တည်ဆောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်