Skip to main content

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန် (၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ  တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပရိသတ်များနှင့် တာဝန်ရှိသူများက အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် (ဘားအံ) ပညာရေး ဒီဂရီကောလိပ်အသင်းနှင့် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက နေရာအလိုက်နှင့် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ၊ တတိယ၊ ဒုတိယ ဆုရအသင်းများကို ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်