ရန်ကုန် အောက်တိုဘာ ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများ ပြန်လည်ပြုပြင်မွမ်းမံခြင်းတွင် ကျွမ်းကျင်မှုအကူအညီများပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ The Institute for the History of Material Cultural of Russia Academy of Science(IHMCRAS)တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေးနှင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုညီလာခံမှ ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ထို့ပြင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသမှ ရှေ့ပြေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်