Skip to main content

အနာဂတ်စားရေရိက္ခာဖူလုံဖို့လက်တွဲဆောင်ရွက်ကြပါစို့

ကမ္ဘာတစ်ဝန်းတွင်   စားနပ်ရိက္ခာအကျပ်အတည်း  ကျရောက်စေသည့်အကြောင်းရင်းများမှာ ပဋိပက္ခများဖြစ်ပေါ်ခြင်း၊  ရာသီဥတု ဆိုးရွားပြင်းထန်ဖောက်ပြန်ခြင်း၊ စီးပွားရေးမတည်ငြိမ်ခြင်းနှင့် ညီမျှမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ အစားအစာကိုဖူလုံစွာထုတ်လုပ်နိုင်စွမ်းရှိသည့် ကမ္ဘာကြီးတွင် စက္ကန့်အနည်းငယ်တိုင်း၌ လူတစ်ဦးသည်ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့်သေဆုံးနေရပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းငတ်မွတ်မှုဒဏ်ခံစားနေရသူဦးရေ သိသိသာသာတိုးတက်လာသည်ဟုလည်း ဆိုသည်။

ကမ္ဘာ့အစားအစာလိုအပ်ချက်၏ သုံးပုံတစ်ပုံကို လုပ်ကွက်ငယ်တောင်သူများက ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲလာခြင်းက ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသူများကိုရော လယ်ယာကုန်ထုတ်လုပ်ငန်းများ၏ အထွက်နှုန်းနှင့်ထုတ်လုပ်မှု စွမ်းအားကိုပါ ထိခိုက်စေလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ရိတ်သိမ်းချိန်နှင့် သယ်ယူပို့ဆောင်ချိန်တို့တွင် အစားအစာထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်းဆုံးရှုံးနေပြီး လက်လီရောင်းချခြင်းနှင့် စားသုံးခြင်းအဆင့် တွင် ၁၉ ရာခိုင်နှုန်း လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သီးနှံစုံစိုက်ပျိုးနိုင်သည့် မြေဟက်တာ ၁၂ သန်းခန့်ရှိပြီး ဆန်စပါး၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန် ကြမ်းသီးနှံ၊ သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်စသည်ဖြင့် သီးနှံမျိုးစုံ အမယ် ၆၀ ကျော် နှစ်စဉ်စိုက်ပျိုးထုတ်လုပ် လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စပါးဟက်တာ ၇ ဒသမ ၈ သန်းကျော်စိုက်ပျိုးရာ အထွက်မက်ထရစ်တန် ၂၉  ဒသမ ၉၄ သန်း ကျော်၊ ဆီထွက်သီးနှံ ဟက်တာ ၃ ဒသမ ၃၄ သန်းကျော် စိုက်ပျိုးရာ အထွက်မက်ထရစ်တန် ၃ ဒသမ ၂၃ သန်းကျော်၊ ပဲမျိုးစုံဟက်တာ ၂ ဒသမ ၇၆ သန်းကျော် စိုက်ပျိုးရာ အထွက် ၄ ဒသမ ၁၃ သန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။

သား၊ ငါးကဏ္ဍအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  အသား မက်ထရစ်တန် ၁ ဒသမ ၂၄ သန်း၊ နို့မက်ထရစ်တန် ၂ ဒသမ ၁၉ သန်း၊ ဥအလုံးရေ သန်းပေါင်း ၄၀၁၂၄၆၉ ထုတ်လုပ်နိုင်ခဲ့ကာ ရေချိုရေငန်ငါးပုစွန်ပိဿာသန်းပေါင်း ၃၈၇၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် စိုက်ပျိုးမွေးမြူထောက်ပံ့ပေးနိုင်သော ရေမြေသယံဇာတများပြည့်စုံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးသီးနှံများအထွက်နှုန်း တိုးတက်စေရေးအတွက် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ပြီး ပြည့်မီ အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက် လျက်ရှိသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ တောင်သူ ဝင်ငွေတိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၂၈၆ ဒသမ ၁ ဘီလီယံဖြင့် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၃၂ ဘီလီယံဖြင့် အသားတိုးကြက်၊ ဥစားဘဲနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “အနာဂတ်စားရေ ရိက္ခာဖူလုံဖို့ လက်တွဲဆောင်ရွက်ကြပါစို့” (Hand in Hand for Better Foods and a Better Future) ဟူ၍ ဖြစ်သည်။ ယခုနှစ်၏ ဦးတည်ချက်သည်  အစိုးရများ၊  အဖွဲ့အစည်းများ၊  ပုဂ္ဂလိကနှင့် လူတစ်ဦးချင်းစီတို့အနေဖြင့် ပိုမို၍ ရေရှည်တည်တံ့ပြီး ခံနိုင်ရည်ရှိ သော စားနပ်ရိက္ခာစနစ်များ ဖန်တီးဆောင်ရွက်ရာတွင် အတူတကွ အကောင်အထည်ဖော်ရေး၊ လူတိုင်းအာဟာရပြည့်ဝ၍ ဘေးကင်းသောအစားအစာများကို လက်လှမ်းမီဝယ်ယူစားသုံးနိုင်ရန် စားနပ်ရိက္ခာဖူလုံအောင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှု၊ စီးပွားရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများအပါအဝင် အစားအစာထုတ်လုပ်ထောက်ပံ့မှု၏ အဓိကစိန်ခေါ်မှုများကို လယ်ယာစားနပ်ရိက္ခာစနစ်များအသွင်ပြောင်းခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးတို့ကို အဓိကအလေးပေးဖော်ပြထားခြင်းဖြစ်ရာ အနာဂတ်ကာလတွင် ပိုမိုကောင်းမွန်သောစားနပ်ရိက္ခာထုတ်လုပ်မှုနှင့်  ပိုမိုကောင်းမွန်သော  လူမှုဘဝပတ်ဝန်းကျင်တို့ကို  ပါဝင်ပတ်သက်သူများ အတူတကွလက်တွဲဆောင်ရွက်မှုများဖြင့် ဖော်ဆောင်သွားကြရပါမည့်အကြောင်း။     ။