နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ထားရှိမှု ပိုမိုတိုးတက်ခိုင်မာရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ပံ့ပိုးကူညီသွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်