Skip to main content

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာများတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယနေ့ နံနက်ပိုင်းတွင် စောင်း အတီးပြိုင်ပွဲကို နေပြည်တော်ရှိ အမျိုးသားပြတိုက် Mini Theatre ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရှုတိုင်းသာစွ(ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လျှပ်ပန်းခွေနွဲ့ (ယိုးဒယား)” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဆီးနှင်းပြိုက်ကြ(ကြိုး)” သီချင်းဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်၊၊

ထို့အတူ ဂီတာအတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အိုလျှံညီးလင်း (ယိုးဒယား)” သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စံပယ်(ကာလပေါ်)” သီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သီလာမြေယံ (ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အိုလျှံညီးလင်း (ယိုးဒယား)” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂုဏ်မြင့်သူ(ကာလပေါ်) (ပြည်လှဖေ)” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂုဏ်မြင့်သူ(ကာလပေါ်)(ပြည်လှဖေ)” သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်၊၊

အလားတူ စန္ဒရားအတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ချောကလျာ(ကာလပေါ်)” သီချင်း ဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မနက်ဖြန် (သို့မဟုတ်) ဘယ်သောအခါ (ကာလပေါ်)” သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ချောကလျာ (ကာလ‌ပေါ်)” သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

ထို့ပြင် အိုးစည်အတီးပြိုင်ပွဲကို ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ မောင်အောင်ကောင်းမြတ်နှင့် အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မောင်စိုင်းထက်နိုင်နှင့်အဖွဲ့၊ ကယားပြည်နယ်မှ မောင်နိုင်းနိုင်အောင်နှင့်အဖွဲ့၊ မန္တလေးတိုင်း ဒေသကြီးမှ မောင်ဟိန်းထက်ဇော်နှင့် အဖွဲ့တို့ကလည်းကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးမှ မောင်ဖြိုးဇော်ဟိန်းနှင့်အဖွဲ့၊ ရှမ်း ပြည်နယ်မှ မောင်ရဲလင်းဦးနှင့် အဖွဲ့၊ မွန်ပြည်နယ်မှ မောင်ထက် အာကာနှင့်အဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီးမှ မောင်မင်းမြတ်စိုးနှင့်အဖွဲ့၊ ကယားပြည်နယ်မှ မောင်ခင်မောင်လတ်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မောင်ခန့်ဇေယျာမင်းနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆိုင်းမင်းထက်(ခ) မြတ်သူအောင်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မောင်ဇင်ကိုနိုင်နှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်ဖြိုးသူရနှင့် အဖွဲ့တို့က လည်းကောင်း မြူးကြွမြိုင်ဆိုင်စွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

မွန်းလွဲပိုင်းတွင် ဒိုးပတ်အတီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ မောင်ဇင်ကိုနိုင်နှင့်အဖွဲ့၊ မန္တလေး တိုင်းဒေသကြီးမှ မောင်ဖြိုးဇော်ဟိန်းနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်ဖြိုးသူရနှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မောင်ရဲလင်းဦးနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ မောင်ဝေလွင်ဖြိုးနှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မောင်ထက်အာကာနှင့် အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မောင်ထက်မိုးအောင်နှင့်အဖွဲ့၊ ကယားပြည်နယ်မှ မောင်ခင်မောင်လတ်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မောင်ခန့်ဇေယျာမင်း နှင့်အဖွဲ့တို့က လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ မောင်အောင်ကောင်းမြတ် နှင့် အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မှ မောင်ဇင်မင်းထွန်းနှင့်အဖွဲ့၊ မန္တလေး တိုင်းဒေသကြီးမှ မောင်လွင်ဖြိုးသင်းနှင့်အဖွဲ့တို့က လည်းကောင်း တီးလုံးတီးကွက်များ၊ အဆိုအပြောများဖြင့် မြူးကြွ မြိုင်ဆိုင်စွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

ထို့အတူ မယ်ဒလင် အတီးပြိုင်ပွဲကို ပုဗ္ဗသီရိခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ (ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ (ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပွင့်ဦး (ကာလပေါ်)” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့် (ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင် မြင့်(ကြိုး)” သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်္ဂလာသီရိ (ဘွဲ့)”သီချင်းဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲပဉ္စမနေ့တွင် သတ်မှတ်နေရာများ၌ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တပ်မိသားစုဝင်များ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်မှုများ ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်သည့်အတွက် ပြိုင်ပွဲဝင် ဆုရရှိသူများအား ဆုချီးမြှင့်မည့်အခမ်းအနား၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတို့ကို အောက်တိုဘာ ၁၃ ရက်တွင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်