Skip to main content

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကြသော တာဝန်ခံဥပဒေအရာရှိများ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် အောက်တိုဘာ ၁၁

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင် သက်ဆိုင်ရာ တာဝန်ခံဥပဒေ အရာရှိများက အဖွဲ့ဝင်အဖြစ်ပါဝင် လျက်ရှိသည့်အတွက် အဖွဲ့ဝင်အဖြစ်ပါဝင်ကြသော တာဝန်ခံဥပဒေအရာရှိများအနေဖြင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများတရားမျှတမှု ရရှိစေရေးသာမက ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက် နေသောအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို အများပြည်သူက နားလည်သိရှိပြီး ဆောင်ရွက်ချက်များအပေါ် ယုံကြည်အားကိုးမှုရှိစေရေး ရည်မှန်းချက်အတွက် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည် ဖော်ဆောင်ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက် လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ်ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယမြောက် မဟာဗျူဟာစီမံကိန်းအရ အသစ်ဆောင်ရွက်ရ မည့်လုပ်ငန်းများအဖြစ် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့ သင်တန်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ် ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချ နိုင်ရန် TOT သင်တန်းများဆောင်ရွက်ခြင်း၊ e - library တည်ထောင်ခြင်း စသည့်ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း။

“ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူက သိရှိစေရန်နှင့် ယုံကြည် ကိုးစားနိုင်ရန်၊ မဟာဗျူဟာစီမံကိန်းပါ ပန်းတိုင်များ အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများကလည်း လုပ်ငန်းအစီအစဉ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သတင်းအချက်အလက် နည်းပညာ(IT) နှင့်ပတ်သက်၍ “သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ မူဝါဒ” ကို ရေးဆွဲပြီးဖြစ်၍ ယင်းမူဝါဒနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထို့ပြင်လုပ်ငန်းခွင်တွင် ခေတ်မီ နည်းပညာများကို ပေါင်းစပ်အသုံး ပြုနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေများတောင်းခံ၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

ပါတီစုံအထွေထွေ ရွေးကောက် ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေ အရာရှိများအနေဖြင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော် သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ များကို ကျေညက်စွာ လေ့လာထား ရန်လိုအပ်ကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ဖြင့် ဥပဒေအကြံပြုချက် တောင်းခံသည့်အမှုများကို ဥပဒေအကြံပြု ပြန်ကြားရာတွင် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာကိုးကား၍ အကြံပြုပြန်ကြားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်