ရန်ကုန် နိုဝင်ဘာ ၆
နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံပေါင်း ၅၈၀၉ ရုံ ပြင်ဆင်ဆောင်ရွက် ထားပြီး မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် အဖွဲ့ဝင် တစ်သောင်းကျော် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၁ သိန်းကျော်ရှိပြီး ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၄၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၅၇ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅၂ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃၃ ဦး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးနှင့် တစ်သီးပုဂ္ဂလမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
မေး ။ ။ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေဖို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေ။
ဖြေ ။ ။ အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ၂ ရက်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြမယ့် မဲဆန္ဒရှင်တွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေဖို့အတွက် မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေကို သင်တန်းပေးစဉ်ကတည်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လက်တွေ့ရော၊ စာတွေ့ရော ကိုဗစ်-၁၉ ကာကွယ်နည်းတွေ ကို ပို့ချခဲ့တာဖြစ်ပါတယ်။
မြေပြင်မှာ မဲလာပေးတဲ့နေ့မှာလည်း မဲဆန္ဒရှင်တွေကို မဲရုံထဲဝင်တာနဲ့ ကိုယ်အပူချိန်တိုင်းပါမယ်၊ လက်သန့်ဆေးရည်တွေနဲ့ လက်ကိုသန့်စင်စေပါမယ်၊ Mask 95 တွေ အခမဲ့ပေးပြီး တပ်ဆင်စေပါမယ်၊ မဲရုံထဲရောက်တာနဲ့ သက်သေခံ လက်မှတ်တွေကို တိုက်ဆိုင်စစ်ဆေးပြီးတော့ မဲလက်မှတ်တွေ ထုတ်ပေးမှာဖြစ်ပါ တယ်။ မဲဆန္ဒပြုပြီး ပြန်ထွက်လာရင် လက်သန်း မင်တို့ခါနီးရင်လည်း လက်ကို ရေမလိုလက်သန့်ဆေးရည်နဲ့ သန့်စင်ပြီး လက်သန်းမင်တို့ပြီးမှ မဲရုံက ထွက်ခွာ ရမှာဖြစ်ပါတယ်။ မဲရုံအတွင်းမှာရော၊ မဲရုံပြင်ပမှာရော တစ်ဦးနဲ့တစ်ဦး ခြောက်ပေ အကွာနဲ့ တန်းစီပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒါတွေကတော့ ရွေးကောက်ပွဲနေ့မှာ ကိုဗစ်-၁၉ရောဂါ မကူးစက်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။
မေး ။ ။ မဲသွားပေးကြမယ့် မဲဆန္ဒရှင်တွေအနေနဲ့ နေအိမ်ကနေ မထွက်ခွာခင် ဘာတွေပြင်ဆင် ဆောင်ရွက်သွားသင့်သလဲဆိုတာ ပြောပြပေးစေ လိုပါတယ်။
ဖြေ ။ ။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲရုံကို မဲသွားပေးကြတော့မယ်ဆိုရင် မှတ်ပုံတင် သက်သေခံကတ်ပြားကို မဖြစ်မနေယူဆောင်သွားရမယ်။ ကိုယ်မဲသွားပေးရမယ့် မဲရုံကို သိဖို့လိုတယ်။ မဲရုံဘယ်နေရာမှာ ရှိတယ်ဆိုတာလည်း သိဖို့လိုပါတယ်။ ကိုယ့်ရဲ့မဲစာရင်း အမှတ်စဉ်မသိရင် ဟိုရောက်ရင် ရှာရမယ်။ မဲစာရင်း အမှတ်စဉ်သိပြီးလို့ မဲရုံထဲရောက်သွားရင် မဲစာရင်းစစ်ဆေး သူကို သက်သေခံကတ်ပြားလည်းပြလိုက်မယ်၊ မဲစာရင်းအမှတ်ကိုလည်း ပြောလိုက်ရင် မဲလက်မှတ်မြန်မြန် ဆန်ဆန် ရရှိမှာဖြစ်ပါတယ်။ ဆန္ဒပြုတဲ့အခါမှာ လည်း မဲလက်မှတ်တွေကို သေသေချာချာ စိစစ်ပါ။ မဲလက်မှတ်မှာ အစွန်းအထင်း ရှိသလား၊ မဲလက်မှတ်စုတ်ပြဲနေသလားဆိုတာ စိစစ်ပြီး မဲလက်မှတ်မှာ တစ်ခုခု ဖြစ်နေရင် အချိန်မီ ပြန်လဲခိုင်းလို့ရပါတယ်။ အဲဒီနေရာမှာ သတိထားရမှာက ကိုယ်က အမှန်ခြစ်ပြီး တံဆိပ်တုံးထုပြီးရင် ပြန်လဲခွင့်မရှိတော့ဘူး။ ဥပမာ ကိုယ်က A ပါတီပေးချင်တယ်။ မှားပြီး B ပါတီထုပြီးရင် ဆန္ဒပြုပြီးတာဖြစ်တဲ့ အတွက် ပြန်လဲခွင့်မရှိပါဘူး။ ငါတို့ဘယ်ဟာ လုပ်လိုက်ရင် ပယ်မဲဖြစ်မယ်ဆိုတာ ရှောင်လိုက်ရင် ခိုင်လုံမဲဖြစ်သွားပြီ။ ခိုင်လုံမဲ၊ ပယ်မဲနှစ်ခုလုံး မှတ်စရာမလိုဘူး။ ပယ်မဲဘယ်လိုဖြစ်တယ်ဆိုတာ မှတ်သားရှောင်ကြဉ်ရင် အဆင်ပြေမှာဖြစ်ပါတယ်။ ကိုယ်ဆန္ဒပြုထားတဲ့ မဲလက်မှတ်တွေကိုလည်း ပုံးထဲကို သေသေချာချာ စိစစ်ပြီး ထည့်ပေးပါ၊ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲပေးတဲ့လုပ်ငန်းစဉ်တွေ မြန်မြန် ဆန်ဆန်လေးလုပ်ပေးကြပါလို့ ပြောချင်ပါတယ်။ ဒါမှ တခြားသူတွေလည်း အချိန်မီမဲပေးနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ မဲရုံတွေ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ မဲရုံတွေကို အကျယ်အဝန်းနေရာရတဲ့ စာသင်ကျောင်းတွေမှာ ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်း တွေကို Quarantine Centre အဖြစ် အသုံးပြုခဲ့တာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မြေပြင်မှာ ဆင်းစစ်ပြီးတော့ မဲပေးရမယ့်ရက်ကလည်း နီးလာတော့ Quarantine Centre အဖြစ် အသုံးပြုခဲ့တဲ့ စာသင်ကျောင်းတွေက မဲရုံအဖြစ် အသုံးပြုလို့မရတော့ဘူး။ မရတော့တဲ့အတွက် ယာယီမဲရုံတွေ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ခရိုင် လေးခရိုင်မှာ ယာယီမဲရုံ ၂၃၀ ကျော်တည် ဆောက်ခဲ့ပါတယ်။ ယာယီမဲရုံတွေကိုလည်း လေဝင်လေထွက် ကောင်းတဲ့နေရာတွေမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
မေး ။ ။ မဲရုံတွေမှာ မဲရုံစောင့်ကြည့်ရေးအဖွဲ့တွေကို ဘယ်နှဖွဲ့လောက် ခွင့်ပြုထားသလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတာလည်းရှိတယ်၊ တိုင်း၊ ခရိုင်တွေမှာ လျှောက်ထားတာလည်း ရှိပါတယ်။ စောင့်ကြည့် အဖွဲ့တွေကို သတ်မှတ်ထားတဲ့ လည်ဆွဲတွေပါရင် ခွင့်ပြုသွားမှာဖြစ်ပါတယ်။ တချို့ဆိုလည်း မြို့နယ်တစ်မြို့နယ်ထဲ စောင့်ကြည့်ဖို့ လျှောက်ထားတာ ရှိတယ်။ စောင့်ကြည့်အဖွဲ့တွေမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။ စောင့်ကြည့်အဖွဲ့ တွေအနေနဲ့ မဲရုံမှူးက စီစဉ်သတ်မှတ်တဲ့နေရာကနေ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဘယ်အချိန်ကနေစပြီး မဲပေးလို့ရပါသလဲခင်ဗျ။
ဖြေ ။ ။ မဲပေးတာနဲ့ပတ်သက်လို့ နံနက် ၆ နာရီထိုးပြီဆိုတာနဲ့ မဲရုံးမှူးက မဲပေးလို့ရပြီဆိုတာ ကြေညာမယ်။ မဲရုံမှူး ကြေညာပြီဆိုတာနဲ့ ကျန်တဲ့ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေကလည်း မြန်မာစံတော်ချိန်နဲ့ နာရီကို အချိန်ကိုက်ဖြစ်အောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီထိုးလို့ မဲရုံပိတ်ရင် အချိန်မတူမှာစိုးလို့ အချိန်ကိုက်ဖြစ်အောင် လုပ်ထားရမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ ညနေ ၄ နာရီ ထိုးသွားရင်လည်း သတ်မှတ်ထားတဲ့ မဲရုံပရဝဏ်ထဲမှာ ရှိနေရင် မဲပေးလို့ ရပါတယ်။ သတိထားရမှာက မဲရုံထဲမှာ လူတွေအများကြီး ကိုယ့်အလှည့်မရောက် တော့ဘူးဆိုပြီး မထင်လိုက်ပါနဲ့။ မဲရုံပရဝဏ်ထဲ ဝင်ရောက်ထားရင် မဲပေးလို့ရပါ တယ်။
မေး ။ ။ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်း ကြိုတင်ဆန္ဒမဲကောက်ယူထား ရှိမှုကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူဦးရေ ရှစ်သိန်းခန့်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေဖို့ အတွက် ကြိုတင်ဆန္ဒမဲ အိမ်တိုင်ရာရောက် ကောက်ယူတာ ဆန္ဒမဲပေးသူဦးရေ ခုနစ်သိန်းကျော် ရှိပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ ဒီအချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာကြောက်ပြီး မဲလာမပေးရဲတဲ့သူတွေလည်းရှိပါတယ်။ သို့သော်ငြားလည်း နိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ မဲပေးခွင့်ရှိသူ အားလုံး မဲလာရောက်ပေးကြပါလို့ ပြောချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိအောင်လည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်ထားပါတယ်။
ယခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်