Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဂျူဒိုနှင့်ပီတန်းအားကစားအဖွဲ့များ လေ့ကျင့်နေမှုကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၈

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့်ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမတွင် ဂျပန်နည်းပြက ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမား များအား နည်းစနစ်ပိုင်းဆိုင်ရာများကို Sparring ကစားခြင်းဖြင့် တစ်ဦးချင်း သင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ပြိုင်ပွဲဝင်ဝတ်စုံ ဂျူဒိုကီနှင့် ခါးစည်းခါးပတ်ဝယ်ယူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြိုင်ပွဲဝင်ဝတ်စုံနှင့် အသားကျနေစေရန်အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပီတန်းလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများကို တွေ့ဆုံ၍ မိမိတို့လက်ရှိ ရရှိထားသည့်ရမှတ်များ၊ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိအောင် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်၍ ပီတန်းအားကစားနည်းဖြင့် အောင်မြင်မှုရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်နှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် စားရိပ်သာ၌ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး Sports Nutrition နှင့်အညီ အားကစားသမားများအတွက် တစ်နေ့တာ လိုအပ်သည့် ကယ်လိုရီပမာဏအတိုင်း တွက်ချက်၍ အလေအလွင့်မဖြစ်စေရန်နှင့် အာဟာရပြည့်ဝစေရန်အတွက် သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါးများကို ချက်ပြုတ်ကျွေးမွေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်