၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို စတင်ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ကာလ တရွေ့ရွေ့နီးကပ်လာပြီဖြစ်၍ မဲဆန္ဒရှင်အမည်စာရင်းများ အသိပေးကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ အတည်ပြုထုတ်ပြန်ခြင်းတို့ပြုလုပ်ပြီးနောက် မကြာမီကာလတွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်တော့မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်တစ်ဆက်တည်း ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များကို သတ်မှတ်ကြေညာပေးခဲ့ပြီး နိုင်ငံရေးပါတီများမှ အမည်စာရင်းတင်သွင်းလာသည့် ပါဝင်ယှဉ်ပြိုင်နိုင်မည့်ဒေသများကိုလည်း အသိပေးထုတ်ပြန်ထားသည်။ ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း မဲဆွယ် စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး အမည်စာရင်းတင်သွင်းထားသည်။
အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်တို့ကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများက သတ်မှတ် ထားသောအချိန်အတွင်း စိစစ်ခြင်းလုပ်ငန်းများ ပြီးစီးအောင် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲစာရင်းတွင်ပါရှိပြီး သက်ဆိုင်ရာမြို့နယ်၏ ပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့်ပတ်သက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးသည့် ကာလမှမဲပေးသည့်ကာလအထိ လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ရွေးကောက် ပွဲကာလတွင် လာရောက်ကြမည့် ပြည်တွင်း၊ ပြည်ပလေ့လာရေးအဖွဲ့များအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအနေဖြင့် ရဲစခန်းအချုပ်၊ အချုပ်ထောင်၊ အကျဉ်းထောင်များ၌ ပြစ်မှုရင်ဆိုင်ဖြေရှင်းနေရသည့် အချုပ်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကြိုတင်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှမနာလိုမရှုဆိတ်ဖြစ်ကြသည့် ဖျက်လိုဖျက်ဆီးလုပ်ကြမည့် အဖျက်သမားများ၏ နှောင့်ယှက်မှုများကို တားဆီးကာကွယ်ပေးလျက်ရှိသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူ ဆောင်ရွက်ခဲ့သည့်အမှု ၄၂ မှုနှင့် တရားခံ ၆၄ ဦးကို ဖော်ထုတ်အရေးယူခဲ့ပြီးဖြစ် သည်။ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကျူးလွန်သူများကို စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော ရွေးကောက်ပွဲဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှု များကိုအခြေခံကာ ဆက်လက်၍ ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲပြီး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ပေါ်ထွက်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်နိုင်ရေး၊ ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး” စသည့်လုပ်ငန်းစဉ်များအားလုံး အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။