Skip to main content

အစွန်းရောက် စိတ်ဓာတ်များရှောင် ပြည်ထောင်စုကို ချစ်ကြည်မှုဖြင့် တည်ဆောက်

ကျောက်မဲမြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် ဘေးလွတ်ရာဆီသို့ အခိုက်အတန့်အားဖြင့် တိမ်းရှောင်နေခဲ့ကြရသည့်ဒေသခံတိုင်းရင်းသားပြည်သူတို့ မိမိတို့နေထိုင်ရာ နေရာများဆီသို့ ဝမ်းမြောက်ဝမ်းသာစွာ ပြန်လည်ဝင်ရောက်လာကြသည်။ အချို့လည်း စိတ်လှုပ်ရှားမှုများစွာဖြင့်ငိုကြေးကြသည်။ မိမိတို့ကျောင်းပြန်တက်ကြရတော့မည်။ လက်ကိုင်ဖုန်းများလည်း အများနည်းတူ ပြန်လည်သုံးစွဲနိုင်တော့မည်ဖြစ်သည့်တွေက် ဝမ်းသာလွန်း၍ မျက်ရည်ကျခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ကျောက်မဲကို အချိန်ကာလတစ်ရပ်မျှ ယာယီအားဖြင့် ထိန်းချုပ်သွားသူမှာ တိုင်းရင်းသားအမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ TILA ဖြစ်သည်။ သို့ရာတွင် သူ့ချည်းတစ်ဖွဲ့တည်းဖြင့် စွမ်းနိုင်သည်မဟုတ်တဲ့ သူ့နောက်မှ ပေါ်လာသည့်အဖွဲ့ နှစ်ဖွဲ့ကို လူလည်လုပ်သိမ်းသွင်းကာ အနာခံတိုက်ခိုင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်ကို ဆန့်ကျင်ပုန်ကန်ရာတွင် တူညီသည်မှလွဲ၍ နိုင်ငံရေးခံယူချက် ရည်မှန်းချက်၊ အကျိုးစီးပွားစသည့်အဘက်ဘက်တွင် မတူညီကြသည့် သောင်းကျန်းသူအဖွဲ့တို့၏ ပေါင်းစည်းထားမှုမှာလည်း လူမှုကွန်ရက်များတွင် မကြာမကြာ ပေါ်ထွက်လာသည့် သတင်းများအရ ပြဿနာများစွာတို့ရှိနေသည်။ စင်စစ်ပြင်ပသို့ ပေါ်ထွက်လာသည့်သတင်းသည် အနည်းငယ်အပေါ်ယံမျှသာဖြစ်ပြီး အောက်ခြေအတွင်းပိုင်းတွင်ရှိနေသည့် ပြဿနာများမှာ  လွန်စွာကြီးမားနေမည်ဟု ခန့်မှန်းနိုင်သည်။

ရှမ်း(မြောက်)ဒေသတွင် တိုက်ပွဲများဖော်ခဲ့သည့် လူမျိုးစုအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့မှာ ကျဉ်းမြောင်းသည့် လူမျိုးစွဲ စိတ်ဓာတ် လူမျိုးရေးအစိတ်နှင့် မုန်းတီးရေးစိတ်ဓာတ်တို့ ကြီးမားကြသည်ကလွဲ၍ ဒီမိုကရေစီကိုလည်းကောင်း၊ ဖက်ဒရယ်စနစ်ကိုလည်းကောင်း စိတ်ဝင်စားကြသူများမဟုတ်ကြသည်ကို ၎င်းတို့၏ လုပ်ရပ်များက သက်သေပြလျက်ရှိသည်။ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကြား နယ်လုပွဲများ၊ ထိုးပွဲကြိတ်ပွဲများ အနိုင်ကျင့်ဗိုလ်ကျမှုများကို မကြာခဏတွေ့ရှိရသလို ၎င်းတို့ယာယီအားဖြင့် ထိန်းချုပ်လိုက်နိုင်သည့် မြို့များ၊ ရွာများတွင် ၎င်းတို့ကိုယ်ကိုယ် လူမျိုးကြီးပုံစံမျိုးဖြင့် ကျန်တိုင်းရင်းသားများကို ဆက်ဆံခြင်း၊ လူမျိုးခွဲခြားမှု ကျင့်သုံးခြင်း၊ ဒေသခံတိုင်းရင်းသားတို့၏အထိမ်းအမှတ်များ၊ စာပေများစသည်တို့ကို ဖျက်လိုဖျက်ဆီးပြုမူခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံတိုင်းရင်းသားပြည်သူများက ပြန်လည်ပြောပြကြသည်။

ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့ကြီးများဖြစ်သော နောင်ချို၊ ကျောက်မဲမြို့များကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများ ပြန်လည်လည်ပတ်နေပြီဖြစ်သည်။ ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကျန်းမာရေးတို့လည်း ဒေသတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအောက်တွင် ပုံမှန်အခြေအနေသို့ ရောက်ရှိလာအောင် တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်နောက်ကျခဲ့ရသည့် ကျောင်းသား ကျောင်းသူကလေးများစွာတို့ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြရပြီဖြစ်သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ရာ နိုင်ငံသူနိုင်ငံသားအားလုံးတို့မှာ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံအားဖြင့် ထားရှိကြရန်လိုသည်။ မိမိတို့တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီ၏ ယဉ်ကျေးမှုဘာသာစကား၊ စာပေ၊ ဓလေ့ထုံးစံများ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သကဲ့သို့ ကျန်တိုင်းရင်းသားများနှင့်လည်း ဆွေမျိုးရင်းချာစိတ်ဓာတ် မိသားတစ်စုတည်းကဲ့သို့သော စိတ်ဓာတ်ဖြင့် ချစ်ခင်ရင်းနှီးစွာ အတူတကွနေထိုင်ကြရမည်လည်း ဖြစ်သည်။ မိမိလူမျိုးကို လူမျိုးစွဲ စိတ်ဓာတ်အစွန်းရောက်အောင် မြှင့်တင်ပြီး ကျန်လူမျိုးများအပေါ် အထင်သေးမုန်းတီးစေရန် သင်ကြားခြင်း လှုံ့ဆော်ဖန်တီးခြင်းတို့မှာ ပျက်စီးမှုများကိုသာ ဖြစ်ပေါ်စေကြောင်း ကမ္ဘာ့သမိုင်းတွင် အထင်အရှားတွေ့မြင်နိုင်ရာ သင်ခန်းစာယူရှောင်ကြဉ်ကြဖို့လိုသည်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများ စည်းလုံးညီညွတ်မှု၊ ချင်ဝင်ရင်းနှီးမှုဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင် တည်ဆောက်ကြရပါမည့်အကြောင်း။ ။