နေပြည်တော် အောက်တိုဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား “ဝန်ထမ်းမိသားစုများသီတင်းကျွတ်ပွဲတော်” ပျော်ပွဲရွှင်ပွဲနှင့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ မဟာအောင်ဗောဓိ ဂြိုဟ်ရှစ်ခွင်ဘုရားတွင် ပန်း၊ ရေချမ်း၊ သစ်သီးများကပ်လှူကြပြီး ဆီမီး ၁၀၀၀ စုပေါင်းပူဇော်ကြသည်။ ထို့နောက် MRTV ပန်းခြံ မုခ်ဦးနေရာတွင်ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်ကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြို့မိမြို့ဖ ဒေါက်တာခင်မောင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ထမ်းမိသားစုများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မီးပုံးပျံအကြီးနှစ်လုံး၊ အလတ်ခြောက်လုံးနှင့် အသေးအလုံး ၆၀ စုစုပေါင်း မီးပုံးပျံ ၆၈ လုံးတို့ကို ဝန်ထမ်း မိသားစုများနှင့်အတူ လွှတ်တင် ပူဇော်ကြသည်။
ဆက်လက်၍ နိဗ္ဗာန်ဈေးပွဲတော်၊ သီတင်းကျွတ်ပွဲတော်တွင် ခင်းကျင်းရောင်းချနေကြသည့် တိုင်းရင်းသား ရိုးရာအစားအစာအရောင်း ဆိုင်များနှင့် ပျော်ရွှင်ဖွယ်ဂိမ်းကစားနည်းများအပြင် ကလေးများအတွက် ချားရဟတ်နှင့် ပျော့ပျော့အိအိကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ ဝန်ထမ်းမိသားစုများ၏ တေးသီချင်းပြိုင်ပွဲသီဆိုယှဉ်ပြိုင်မှုတို့ကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး ဖျော်ဖြေရေးအဖွဲ့၊ တီးဝိုင်းအဖွဲ့နှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်