Skip to main content

၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးထွန်းညှိပူဇော်ပွဲများနှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်များ ကျင်းပ

မန္တလေး အောက်တိုဘာ ၆

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာအစဉ်အလာအရ ဘုရားရှင်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်သည့် ကုသိုလ်ကောင်းမှုများပြုလုပ်ကြရာ ယနေ့ညနေပိုင်းက အမရပူရမြို့နယ်ရှိ ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးတွင် ဒသမအကြိမ်မြောက် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ထွန်းညှိပူဇော်

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များနှင့် အလှူရှင်များ၊ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများက မြတ်ဗုဒ္ဓကိုကြည်ညိုစိတ်ဖြင့်ရည်မှန်း၍ အတူတကွ ဆီမီးများ ထွန်းညှိပူဇော်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်တွင်ကျင်းပသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် “ဂီတဆည်းဆာ ပဒေသာကပွဲ ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိပြီး မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ဖြင့် သီဆိုဖွင့်လှစ်၍ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ဂီတဆည်းဆာ ပဒေသာကပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသူများအား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ကြည့်ရှုအားပေး

ဆက်လက်၍ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာသီတာဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများစုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့အတွင်းကျင်းပသည့် ဆီမီးထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်အခမ်းအနားသို့တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့က မန္တလေး နန်းမြို့ မြနန်းစံကျော် ရွှေနန်းတော်ပတ်လည်တွင် ဆီမီးအလှနှင့် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ထားရှိမှု၊ မန္တလေးတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ စတုဒိသာမဏ္ဍပ်များတွင် စတုဒိသာများဖြင့် ဧည့်ခံနေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတများဖြင့် အနုပညာရှင်များ သီဆိုဖျော်ဖြေ တင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်