Skip to main content

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုကြသူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၆

ယနေ့သည် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကိုကျင်းပကြရာ အဘိဓမ္မာဒေသနာ တော်တရားသံများဖြင့် အေးချမ်းသာယာလျက်ရှိပြီး ကုသိုလ်ကောင်းမှုပြုကြသူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ဆွမ်းတော်ကြီးကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) ရေစက်ချအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပကြသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ယင်းနောက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အဘိဇာတထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင်ဦးထိန်ဝင်းက ဇယမင်္ဂလာအနုမောဒနာစာတမ်းကို ဖတ်ကြားလျှောက်ထားပြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယပုဇွန်တောင်မြို့နယ် မြသိန်းတန်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဇာဂရထံမှ ဧည့် ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားပြီး ရေစက်ချအမျှပေးဝေကြကာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်နှင့် စောင်းတန်းလေးသွယ်၌ ဘုရားဖူးလာပြည်သူများဖြင့် ကြိတ်ကြိတ်တိုး အထူးစည်ကားလျက်ရှိပြီး အလှူရှင်များက စတုဒိသာအဖြစ် ရေသန့်၊ အချိုရည်၊ ပေါင်မုန့်များကျွေးမွေးကြသည်။

ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများသည် ရွှေတိဂုံစေတီတော်ပတ်လည် ရှိဆီမီးခုံများ၌ ဆီမီးများထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိလောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင်ကျိုက် ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်မဟာ ဓမ္မရံသီအိမ်တော်ရာစေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များကကြီးမှူး၍ ယနေ့နံနက်ပိုင်း အရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက အဘိဓမ္မာတရားတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကိုဆောင်ရွက်ကြပြီး ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဘုရားဖူးပြည်သူများက ဆီမီးများထွန်းညှိပူဇော်ကြသည်။

ယနေ့ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာနေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများပူဇော်ကြခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းကြခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိလမ်းများ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုးအဘွား၊ ဆရာသမားများအားကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့်လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများပြုလုပ်ကြကြောင်း သိရသည်။ 

သတင်း - ဓာတ်ပုံ

ဇော်မင်းလတ်(MNA)