Skip to main content

ကျောက်မဲမြို့၌ ပြည်သူ့ဆေးရုံ (ယာယီဆေးရုံ) ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်အားဖြည့်ဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၅

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနသည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းလွှမ်းခြုံမှု ပြန်လည်ကောင်းမွန်စွာ ရရှိရေးအတွက် အားစိုက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အောက်တိုဘာ ၃ ရက်တွင် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများရှိခဲ့သည့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၅၀) အား ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေစဉ်တွင် ကျောက်မဲခရိုင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီး (ယာယီဆေးရုံ) ကို အမှတ် (၂) ရပ်ကွက်ရှိ လာဘမုနိတရုတ်ဘုံကျောင်း၌ ယနေ့တွင် စတင်ဖွင့်လှစ်၍ ကျောက်မဲမြို့ပေါ်နှင့် ဒေသခံပြည်သူများအား ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် ဒေါက်တာမျိုးအောင်(ဒု-ခရိုင်ကုသရေးဦးစီးဌာနမှူး) ဦးစီးသည့် ကျန်းမာရေးဝန်ထမ်း ခုနစ်ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် လူနာအမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း လူနာ ၅၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင် ခဲ့သည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနအနေဖြင့် ကျောက်မဲမြို့ပေါ်နှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယာယီဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်မည့် ရွေ့လျားခွဲစိတ်ခန်း (Mobile Operation Theatre) များကို တည်ဆောက်ခြင်း၊ လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကို အားဖြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်