သီတင်းကျွတ်လပြည့်အခါသမယသို့ရောက်သော် ဗုဒ္ဓဘာသာအစဉ်အလာအရ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ ဘုရား၊ ကျောင်း၊ လမ်း၊ ရပ်ကွက်၊ ဓမ္မာရုံနှင့် နေအိမ်၊ တိုက်တာ၊ အဆောက်အအုံများတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ကြခြင်းတို့ကို များသောအားဖြင့် ဦးစားပေးပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ အနှစ်သာရသည် “အဘိဓမ္မာအခါတော်နေ့” ဖြစ်၍ အဘိဓမ္မာတရားကို အမွှမ်းတင်ပြီး ကောင်းမှုအထူးထူးပြုသင့်ကြပေသည်။
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု ဆိုထားသည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ၇ ဝါမြောက် ဝါကပ်ရင်း သန္တုဿိတအမည်ရသော မယ်တော်မိနတ်သားအမှူးရှိသည့် နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားတော်ကို ၃ လတိတိ ဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်ကို ပြီးပြည့်စုံစွာ ဟောကြားပြီးစီးတော်မူခဲ့သည်။ ထိုသို့ အဘိဓမ္မာတရားဟောကြားမှု ပြီးပြည့်စုံသည့် သီတင်းကျွတ်လပြည့်နေ့ကို အမွှမ်းတင်၊ ဂုဏ်တင်ပြီး မြတ်ဗုဒ္ဓကိုလည်း ပူဇော်ရာရောက်စေရန်အတွက် ပညာရှိတို့က အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့သည် မြန်မာလူမျိုးများအတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးများအားလုံးနှင့်သက်ဆိုင်သည်ဖြစ်ရာ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကိုရည်မှန်း၍ ဆီမီးအလှဆင်ပူဇော်ကြသည်မှာ လျော်ကန်သင့်မြတ်ပါသည်။ တစ်ရွာတစ်ပုဒ်ဆန်းအောင် ပုံသဏ္ဌာန်မျိုးစုံဖြင့် မီးရောင်စုံထွန်းညှိပူဇော်ကြသည့်အပြင် တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ရည်မှန်းကာ မီးပုံးပျံလွှတ်၍ ပူဇော်ကြပါသေးသည်။ မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွတော်မူသည့်အခါ မြတ်ဗုဒ္ဓက လောကဝိဝရဏတန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအချင်းချင်း အတားအဆီးမရှိမြင်တွေ့ရင်း မြတ်ဗုဒ္ဓကို ဖူးမြော်ခွင့်ရစေသည်။ မြတ်ဗုဒ္ဓကို ကြည်ညိုစိတ်ဖြင့် ရောင်စုံမီးများဖြင့် ပူဇော်ကြသည်။
မျက်မှောက်ကာလတွင်မူ မီးထွန်းပူဇော်ပွဲသာမက အပျော်အပါးပွဲလမ်းသဘင်များပါ ပါဝင်လာပါသည်။ ဈေးရောင်းပွဲတော်များဖြင့်လည်း တိုးမပေါက်အောင် စည်ကားလာသည်။ ထေရဝါဒဗုဒ္ဓသာသနာတော်ကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမည့် လူငယ်တို့စုဝေးရာသည် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲဖြစ်လာသည်။ အမျိုးဘာသာသာသနာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသည်။ အပျော်ဘက်ရေးထက် ကောင်းမှုဆက်ရေးကို ကြိုးစားအားထုတ်သင့်ပါသည်။ မြတ်စွာဘုရားရှင်သည် မယ်တော်မိနတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန် အကြောင်းခံသည်။ ရှင်သာရိပုတ္တရာအမှူးရှိသော နတ်ဗြဟ္မာ သတ္တဝါပရိသတ်အပေါင်းက ဘုရားရှင်အား ပူဇော်ကြသည်။
သီတင်းကျွတ်လတွင် ဘုရားရှင်အား ပူဇော်ကန်တော့သည့် အစဉ်အလာကောင်းဖြင့် ရဟန်းရှင်လူ မိဘဆရာသက်ကြီးဝါကြီးများအား ပူဇော်ကန်တော့သည့် အစဉ်အလာကောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။ ဗုဒ္ဓစာပေတွင် ဝတ္ထုပစ္စည်းတစ်ခုခုဖြင့် ပူဇော်ခြင်းသည် အာမိသပူဇာမည်သည်။ လှူဒါန်းပေးကမ်းဝတ္ထုပစ္စည်းမပါဘဲ လက်အုပ်ချီမိုး ရှိခိုးခြင်းသက်သက်ဖြင့် ပူဇော်ခြင်းသည် မြတ်စွာဘုရား၏ ဩဝါဒတရားကို လိုက်နာကျင့်သုံးရာရောက်၍ ဓမ္မပူဇာမည်သည်။ သက်ကြီးဝါကြီးများ ပူဇော်ပွဲသည် ဝတ္ထုပစ္စည်းဖြင့်၊ လက်အုပ်ချီမိုးခြင်းဖြင့် ပူဇော်ခြင်းတို့သည် အစဉ်အလာမပျက်သည့် ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သည်။ ထို့အတူ မိမိတို့စိတ်သန်ရာ ဆီမီးထွန်းပူဇော်ခြင်းမှအစ ကောင်းသောအမှုအမျိုးမျိုးတို့ကို အပျော် အရွှင်သက်သက်ထက် ပိုမိုစုံဖက်၍ အလေးထားဆောင်ရွက်သင့်သည်။
လောကကြောင်းအနေဖြင့်ကြည့်လျှင် သက်ကြီးရွယ်အိုများထံမှ အဖိုးတန်သော ဆုံးမစကားများကို နာကြားရခြင်း၊ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ ယဉ်ကျေးသောသူဟု အသိအမှတ်ပြုခံရခြင်းစသည့် အကျိုးတရားများရရှိနိုင်သည်။ ဓမ္မကြောင်းရှုထောင့်မှကြည့်လျှင် ပူဇာစ ပူဇနေယျာနံ ဒါနမင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာ၊ ကတညုတမင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတော်များဖြင့် အကျိုးထူးများကို ခံစားနိုင်ကြောင်း ဘုရားရှင်က ဟောကြားထားတော်မူသည်။ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကို ကုစားသော (ဝါ) အပြစ်ကို ပပျောက်စေသော နည်းတစ်နည်းဖြစ်သည်။ သံသရာခရီးသည်တို့သည် အတိတ်၊ မျက်မှောက်ဘဝ၌ ကံသုံးပါး တစ်ပါးပါးဖြင့် ပြစ်မှားခဲ့မှုများရှိသည်။ အပြစ်ကို တောင်းပန်ကန်တော့ခြင်းဖြင့် ပပျောက်စေနိုင် သည်ဟု မြတ်ဘုရားက ဟောကြားထားသည်။
သို့ဖြစ်ရာ သီတင်းကျွတ်လပြည့် အခါသမယနေ့တွင် အတုမရှိမြတ်စွာဘုရားရှင်က မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဖြင့် ကျေးဇူးဆပ်သည်ကို ရည်မှန်း၍ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွှဲကြသလို မိဘဆရာ သက်ကြီးဝါကြီးများအား လက်အုပ်ချီမိုး ပူဇော်ကန်တော့ကြခြင်းဖြင့် အပြစ်ကြီးငယ်များ ပပျောက်နိုင်သည့် အစဉ်အလာဓလေ့ကို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ထွန်းကားစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။