နေပြည်တော် အောက်တိုဘာ ၃
ကာဇက်စတန်သမ္မတနိုင်ငံအက်စ်တာနာမြို့၌ အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသော ပထမအကြိမ် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကောင်စီအစည်းအဝေးနှင့်ဆဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ်ပေါင်းကူးတံတားထူထောင်ရေးဆိုင်ရာနိုင်ငံတကာဖိုရမ်(၂၀၂၅)သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။
အောက်တိုဘာ၁ရက် နံနက်ပိုင်းတွင် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေး (Council for the Development of Artificial Intelligence)ကို အက်စ်တာနာမြို့ EXPO Interna-tional Exhibition Center ၌ကျင်းပရာ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ ကောင်စီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်နှင့်အတူ ဉာဏ်ရည်တုနည်းပညာနှင့်ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr.Zhaslan Madlyev ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံတကာမှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပညာရှင်များ၊ နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အက်စ်တာနာမြို့ရှိ Astana Hub ၌ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ်ပေါင်းကူးတံတားထူထောင်ရေးဆိုင်ရာနိုင်ငံတကာဖိုရမ်(VI International Forum “Digital Bridge 2025”: Generative Nation)ဖွင့်ပွဲသို့ တက်ရောက်သည်။
အဆိုပါဖိုရမ်သို့ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ H.E. Mr.Kassym-Jomart Tokayev ၊ ဟန်ဂေရီနိုင်ငံသမ္မတ H.E. Mr.Tamas Sulyok ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ Telegram တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr.Pavel Durov၊ နိုင်ငံတကာမှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပညာရှင်များ၊ နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖိုရမ်ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အောက်တိုဘာ ၃ ရက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကာဇက်စတန်သမ္မတနိုင်ငံ ဉာဏ်ရည်တုနည်းပညာနှင့်ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kanysh Tuleushin နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံသိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဖိုရမ်တွင် ကာဇက်စတန်သမ္မတနိုင်ငံကို ဥရောပနှင့်အာရှအကြားဆက်သွယ်ပေးသည့် နည်းပညာဆိုင်ရာအချက်အချာကျသောနိုင်ငံတစ်ခုအဖြစ်ပြောင်းလဲဆောင်ရွက်ရန်ရည်ရွယ်ပြီး ဖိုရမ်အတွင်းကမ္ဘာ့ခေါင်းဆောင်များ၊ နည်းပညာတီထွင်ဖန်တီးသူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ဉာဏ်ရည်တုနည်းပညာနယ်ပယ်တွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်းသိရသည်။
သတင်းစဉ်