နေပြည်တော် အောက်တိုဘာ ၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization - DMO)များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့သည် ရာသီဥတုကောင်းမွန်၍ တောင်ကုန်း၊ တောင်တန်းများ၊ လယ်ယာစိုက်ခင်းများနှင့် သာယာလှပသည့်ရှုခင်းများကို ပိုင်ဆိုင်သည့် တောင်ပေါ်ဒေသဖြစ်သောကြောင့် ခရီးသွားများ လာရောက်အပန်းဖြေလည်ပတ်ရန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားတို့၏ ရှိရင်းစွဲ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ ဒေသခံများက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးပြီး မိုင်းပန်မြို့ရှိ ဒေသခံလူငယ်များအတွက် အားကစားပစ္စည်းအသုံးအဆောင်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ မိုင်းပန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသနေသော ဆေးရုံတက်လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ လူနာတစ်ဦးချင်းအတွက် ထောက်ပံ့ငွေနှင့် အာဟာရအစားအစာများ ပေးအပ်ခဲ့သည်။
စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းကလည်း ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့ရှိ ရိုးရာယဉ်ကျေးမှုပြခန်းများကို လှည့်လည်ကြည့်ရှုပြီး အထင်ကရ ဘုရားစေတီပုထိုးများအား လှည့်လည်ဖူးမြော်ကြည်ညိုကာ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်ရာနေရာများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်