ရန်ကုန် အောက်တိုဘာ ၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ARA Academy နှင့် Dual Tech Vocational Training Institute တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်နေသည့် ရုရှားဘာသာစကားနှင့် အပူပေးစနစ်/ လေအေးပေးစနစ်သင်တန်းများကို ကြည့်ရှုအားပေးသည်။
စဉ်ဆက်မပြတ်ဖွင့်လှစ်
ဦးစွာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံအတွင်းလိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် အလုပ်အကိုင်ရှာဖွေနေသူ လူငယ်လူရွယ်များ၊ ပြည်တွင်းရှိ ဝန်ထမ်းလုပ်သားများနှင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေနိုင်ရေး စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုသင်တန်း (၂၃)ကြိမ်ကို သင်တန်းသား ၅၆၃ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုသင်တန်း (၂၈)ကြိမ်ကို သင်တန်း သား ၆၅၀ အတွက် ဖွင့်လှစ်ပို့ချရန် လျာထားပြီး ၂၀၂၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ သင်တန်း (၁၁)ကြိမ်ကို သင်တန်းသား ၂၆၁ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသည့် စာတွေ့/လက်တွေ့အသိပညာ၊ အတတ်ပညာများကို စနစ်တကျ မှတ်သားနာယူ၍ သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချ လုပ်ကိုင်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ကြိုးပမ်းလုပ်ကိုင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်