Skip to main content

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၏ (၂၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၃ဝ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ ၂၀၂၄ - ၂ဝ၂၅ ပညာ သင်နှစ် (၂၈) ကြိမ်မြောက်ဘွဲ့ယူမည့် ပန်းချီ၊ ပန်းပုကျောင်းသား ကျောင်းသူများ၏ လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ စင်တင်တင်ဆက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ပန်းချီ၊ ပန်းပုကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုဒိတာစကားပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကား ပြောကြားသည်။

ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား ကျောင်းသူများက စွမ်းရည်ပြဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှကျောင်းသား ကျောင်းသူများက “မောင်မယ်စုံစွာဆိုင်း မဟာ၊ “ရှစ်ခန်းအလှစီ ယိုးဒယားမည်၊ “ကျေးလက်ရိုးရာ မြတ်နိုးမှာ"၊ “ပေါင်းစည်းညီညာတို့ရိုးရာ၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ပွဲဦးရွှင်ပျော် ကျော်(၄)ကျော်၊ “ကြာမျိုးငါးလီ ခင်ပျိုမဒီ(ယိမ်းအက)”၊ “လက်ဆင့် ကမ်းစေ ရုပ်သေးအမွေ၊ “ပေါင်းစည်းညီညာတို့ရိုးရာ၊ “ပရဟိတ မောင်မာဃ (ဇာတ်တော်ကြီး)”၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ကျောင်းသား ကျောင်းသူများက “လောဘကွန်ရက် (ပြဇာတ်)”၊ “ပြင်ဆင်ခွင့် နှင့် “ခေတ္တရုပ်ရှင် ဇာတ်ကားတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသည့် ဂုဏ်ပြုအလှူငွေများကို ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက လက်ခံရယူပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သည် အနုပညာ၊ ယဉ်ကျေးမှုဘက်စုံတတ်မြောက်သည့် ကျောင်းသား ကျောင်းသူများအားမွေးထုတ်ပေးခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ခဲ့ပြီဖြစ်သည်။ ၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်ထိ ဘွဲ့နှင်းသဘင်ကို (၂၅) ကြိမ်မြောက်အထိ ကျင်းပပြီးစီးခဲ့ပြီး ဝိဇ္ဇာဘွဲ့ ၂၆၇၃ ဦး၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ ၃၈၄ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၁၁၉ ဦး၊ မဟာဝိဇ္ဇာ ဘွဲ့(Earn Degree) ၁၈ ဦး၊ ဘွဲ့လွန် ဒီပလိုမာ ၉၂၁ ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ ၂၈၁၄ ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ၇၂ ဦး၊ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ၃၇ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၂၅ ဦးတို့အား ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်