နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်ကြေညာထားမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်ဓမ္မာရုံသို့လည်းကောင်း သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားမှုအား ပြည်သူများ လာရောက်ကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကပ်ထားကြေညာသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၄၉ ရုံ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ငါးသောင်းကျော်ခန့်ရှိပြီး ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၇၆ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ရှစ်သောင်းကျော်ခန့်ရှိ ကြောင်းသက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)