Skip to main content

ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ဖြစ်သည်။ သက်ကြီးရွယ်အိုများဆိုသည်မှာ နောက်ဆုံးဘဝနေဝင်ချိန် ညှိုးငယ်နေသောကာလဖြစ်သည်။ တစ်ချိန်သောကာလက မိသားစုအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသည့်ဘက်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ဘဝနေဝင်ချိန်တွင် ၎င်းတို့၏ ဘဝတစ်လျှောက် ဆောင်ရွက်ခဲ့မှုများကို ကျေးဇူးသိသောအားဖြင့်၊ လေးစားဂုဏ်ပြုသောအားဖြင့် မသန်မစွမ်းအားနည်းသောသူအဖြစ် နှိမ့်ချခြင်းမပြုဘဲ သက်ကြီးပုဂ္ဂိုလ်များအဖြစ် လေးစားကြရမည်ဖြစ်သည်။

အသက်အရွယ်ကြီးသူတို့ကို အလေးအမြတ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုတို့ကို လေးစားဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံကိန်းနှင့် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ၂၀၁၄ ခုနှစ်က ချမှတ်ဆောင်ရွက်ခဲ့သည်။ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)နှင့် နည်းဥပဒေ (၂၀၂၂)တို့ကို ပြဋ္ဌာန်းကာ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် ဒေသဆိုင်ရာ အဆင့်ဆင့်သောကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့မှုကို ဆောင်ရွက်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ အသိအမှတ်ပြု ဘိုးဘွားရိပ်သာများနှင့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသည်။ များမကြာမီကာလတွင် အရွယ်တစ်ခုသို့ ရောက်ရှိလာတော့မည့် လူငယ်လူရွယ်များသည်လည်း နောင်တစ်ချိန်တွင် သက်ကြီးရွယ်အိုများဘဝသို့ ရောက်ရှိလာမည်ဖြစ်သည်။ လူတို့၏သဘာဝအရ ဘဝနောင်ရေး စိတ်အေးနိုင်စေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာ၊ ကျန်းမာရေး၊ လုံခြုံရေး၊ အမှီအခိုကင်းကင်းနှင့် ရပ်တည်နိုင်ရေးအတွက် “အမျိုးသားအဆင့်သက်ကြီးမူဝါဒ” (မူကြမ်း)ကို ရေးဆွဲပြီးဖြစ်သည်ဟု သိရသဖြင့်ဝမ်းမြောက်မိသည်။

လူကြီးမိဘ ဆရာသမားများ၏ဂုဏ်ကျေးဇူးကို တန်ဖိုးထားခြင်းနှင့် စောင့်သိရိုသေခြင်းသည် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ဖြစ်သည်။ ထိုအစဉ်အလာကို ခေတ်မီမီ ကမ္ဘာကြည့်ကြည့်၍ လက်ဆင့်ကမ်းစောင့်ရှောက်ပေးရမည့်တာဝန်မှာ မျိုးဆက်သစ်တိုင်း၏ တာဝန်ပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာတို့၏ကောင်းမြတ်သော ယဉ်ကျေးမှုထုံးတမ်းစဉ်လာများမှာ ခေတ်ကာလရွေ့လျောပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လျော့ပါးလာခဲ့ရာတွင် သက်ကြီးရွယ်အိုများကိုတန်ဖိုးမထားမှု၊ ပစ်ပယ်ထားမှုများနှင့် ကြုံတွေ့လာသည်ကိုတွေ့ရသည်။ မည်သည့်လူ့အသိုက်အဝန်းတွင်မဆို သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရေးသည် မလွှဲသာ၍ စောင့်ရှောက်ရမည့် ဝတ္တရားတစ်ခုမဟုတ်ဘဲ မလွဲမသွေ သားစဉ်မြေးဆက်ထမ်းဆောင်ရမည့်တာဝန်ဟု ခံယူထားကြရမည်ဖြစ်သည်။

ကြီးသူကို ရိုသေရသည့် ဂါရဝ နိဝါတ တရားများ ခေါင်းပါးလာခြင်းသည် ခေတ်ကာလ တိုးတက်ပြောင်းလဲလာသည့် အခြေအနေတစ်ရပ်ကြောင့်ဖြစ်ရသည်ဟု မရှုမြင်သင့်ဘဲ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံအဖို့ လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ထိန်းရန်ပျက်ကွက်ခြင်းကြောင့်ဟု သုံးသပ်မိပါသည်။ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်သည် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပေးခြင်းဖြစ်၍ လူငယ်လူရွယ်များအတွက် အထူးလေ့လာဆည်းပူးအပ်သည့် ပညာရပ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချပေးလျက်ရှိသည်။ တစ်ချိန်က ဂါရဝတရား၊ နိဝါတတရားများ ထွန်းကားသည်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင်ကျောင်းများ၏ အကျိုးကျေးဇူးကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ဓမ္မကျောင်းတော်ဟုခေါ်သည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ကျောင်းများတွင် လူကြီးမိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးများကို အထူးသိမြင်ပြီး ပြန်လည်ပေးဆပ်သင့်ကြောင်းကို ယခင်ကထက် ယခုအခါ ပိုမိုကျယ်ကျယ်ပြန့်ပြန့်သင်ကြားပို့ချပေးသင့်သည်။ ယခုအခါ လူငယ်ကဏ္ဍကို မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ လူငယ်လှုပ်ရှားမှု အသိုက်အဝန်းများကြားတွင် လူငယ်နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တာဝန်နှင့် ဝတ္တရားများကို ပျံ့နှံ့လာအောင် ပြုလုပ်ပေးရန်လိုအပ်သည်။ ရွယ်တူကိုလေးစား ကြီးသူကိုရိုသေမှသာ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်အသိုက်အဝန်းကို ခိုင်မာစွာတည်ဆောက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းကို ဖော်ဆောင် ကြရာတွင် သက်ကြီးပုဂ္ဂိုလ်အားလုံးအနေဖြင့် အစောင့်အရှောက်ခံ၊ အပြုစုခံ လူအိုတစ်စုမဟုတ်တော့ဘဲ လူအိုသော်လည်း အစွမ်းအစမအိုသေးဆိုသည့် ကာယစွမ်းအား၊ ဉာဏစွမ်းအားများဖြင့် လူ့ဘောင်လောကကို ဆက်လက်အကျိုးပြုနိုင်မည့် သက်ကြီးပုဂ္ဂိုလ်အင်အားစုကြီးအဖြစ် ဘဝချမ်းသာအခွင့်အရေးများရရှိအောင် သက်ကြီးသူများ ဦးဆောင်ပါဝင်နိုင်ရေး စွမ်းဆောင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။