Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားရာသီအမီ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အသင့်ဖြစ်နေစေရေး၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအနေဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီး အမြန်ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ငလျင်ဘေးသင့်ဟိုတယ်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလည်ပတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်များမှ တာဝန်ရှိသူများက ငလျင်ဒဏ်သင့်အဆောက်အအုံ၊ အခန်းများ၊ ခန်းမများအား ပြုပြင် မွမ်းမံဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးမှု၊ ပြင်ဆင်ပြီးအခန်းများတွင် ဧည့်သည်များ လက်ခံပြီး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက်တည်းခိုကြရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ဆောင်ရွက်ပေးစေလိုသည်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာ များစွာရှိသည့်အတွက် ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများကို အဆင်သင့်ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များအနေဖြင့် ပြည်ပခရီးသွားဈေးကွက်သာမက ပြင်တွင်းခရီးသွားဈေးကွက်ကို ဦးတည်၍ ဆောင်ရွက်ကြရေး၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံ၊ အခန်းများ၊ ခန်းမများအား ပြင်ဆင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ကြရန်နှင့် ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များထားရှိရေး၊ ဟိုတယ်ဝန်ထမ်းများကိုလည်း အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် သင်ကြားလေ့ကျင့်ပြီး ဝန်ဆောင်မှုအဆင့်အတန်းမြင့်မားလာအောင် ဆောင်ရွက်ကြရေး၊ ဟိုတယ်များတွင် ဧည့်သည်များကို ဆွဲဆောင်သည့် အစီအစဉ်များ ဖန်တီးဆောင်ရွက်ရေး၊ မကြာမီပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုပြီး ကြိုတင်ကာကွယ်ရေးအစီအမံများကို ပြည့်စုံစွာ ဆောင်ရွက်ကြရေး၊ ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့် အညီဖြစ်စေရန် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ကြရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်