Skip to main content

လင်ကွမ်းစီကျောင်းတိုက် ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

ရန်ကုန် စက်တင်ဘာ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက် ဆရာတော် VAN SHICHANG ZANG ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာဝိဇယမင်္ဂလာဓမ္မသဘင်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော တာဝန်ကျပထမအဖွဲ့ခွဲ ဆရာတော်ကြီး ရှစ်ပါးတို့အား လာရောက်ဖူးမြော်ကြည်ညိုသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ တာဝန်ကျပထမအဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ၊ အဖွဲ့ဝင်ဆရာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လင်ကွမ်းစီကျောင်းတိုက် ဆရာတော်နှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသည့် တာဝန်ကျပထမအဖွဲ့ခွဲ ဆရာတော်ကြီးများနှင့် လင်ကွမ်းစီကျောင်းတိုက်ဆရာတော်တို့က အပြန်အလှန်မိတ်ဆက်စကားပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက သာရဏီယကထာ မြွက်ကြားချီးမြှင့်ရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရှေးရိုးအစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဟူသော ဘာသာရေးရင်းနှီးမှုအခြေခံဖြင့် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သာသနာရေးနယ်ပယ်စုံတွင် ဆက်ဆံရေးတိုးတက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ထေရဝါဒ၏ ဦးဆောင်နိုင်ငံဖြစ်သော်လည်း မဟာယာနစသော ဂိုဏ်းအားလုံးနှင့် ညီညွတ်စွာ သာသနာရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လောကတွင် ရာဂ၊ ဒေါသ၊ မောဟကိလေသာမီးများ ပြင်းထန်နေသဖြင့် ဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်း၊ ဗုဒ္ဓဘာသာဝင်အားလုံးအား မိမိတို့စိတ်တွင်းရှိ ကိလေသာမီးများကို မဂ္ဂင်တရားဖြင့် ငြှိမ်းသတ်ကာ၊ ဤအကျင့်မြတ်ကို ကမ္ဘာအနှံ့ပြန့်ပွားစေရန် စုပေါင်းအားထုတ်ကြရန်လိုကြောင်း မိန့်ကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် လင်ကွမ်းစီကျောင်းတိုက်ဆရာတော်တို့က ဓမ္မလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လင်ကွမ်းစီကျောင်းတိုက် ဆရာတော်ကိုယ်စား Mr. Chu Shiweiက အလှူငွေပေးအပ်ရာ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲ ၃ နာရီတွင် လင်ကွမ်းစီကျောင်းတိုက်ဆရာတော်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဝန်ကြီးရုံးဧည့်ခန်းမ၌ ဂါရဝပြုတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် တရုတ်- မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့နိုင်ရေး ဆောင်ရွက်နိုင်ပါစေဟု အလေးအနက်ဆုတောင်းအပ်ပါကြောင်း လျှောက်ထားကာ လင်ကွမ်းစီကျောင်းတိုက် ဆရာတော်က သာသနာရေးဆိုင်ရာကိစ္စရပ်များ ပြန်လည်မိန့်ကြားခဲ့ပြီး ဓမ္မလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။

ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက် ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် လင်ကွမ်းစီကျောင်းတိုက် ဆရာတော်က ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပက အလှည့်ကျသဘာပတိက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် တောင်ဘက်မုခ်ဧည့်ခန်းမဆောင်၌ ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိက လင်ကွမ်းစီကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံသာသနာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်