Skip to main content

ဒုတိယအကြိမ် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ (ECI) မွမ်းမံသင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၂၉

ဒုတိယအကြိမ် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ (ECI) မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသွားရမည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မွေးစမှ အသက်ငါးနှစ်အရွယ်ရှိ ကလေးသူငယ်များအတွက် ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိသည့် အလားအလာများကို အပြည့်အဝရရှိရန်နှင့် မသန်စွမ်းဖြစ်ခြင်းကို လျှော့ချနိုင်စေရန် အရည်အသွေးမြင့်မားသည့် ECI ဝန်ဆောင်မှုများ ရရှိနိုင်ရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်အဖြစ် မွေးဖွားခြင်းကို လျှော့ချနိုင်စေရေးအတွက် မမွေးဖွားမီနှင့် မွေးဖွားချိန်တွင် စိတ်ချရသည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့်အတူ ပြည်သူများအတွက် ECI အသိပညာများရရှိစေရန် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း။

စနစ်တကျဆောင်ရွက်

တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များကို ကြိုးစားလေ့လာသင်ယူပြီး မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချခြင်းဖြင့် ကလေးသူငယ်၊ မိသားစု၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် နိုင်ငံတစ်နိုင်ငံတွင် အဓိကအရေးကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သည့်အတွက် မိမိတို့၏ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ECI ဝန်ဆောင်မှုများ ရရှိခြင်းဖြင့် ကလေးသူငယ်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ မိသားစုဘဝသာယာပျော်ရွှင်စေခြင်းနှင့် လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးများ ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခြင်းကြောင့် နိုင်ငံအတွက် မရှိမဖြစ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းသား သင်တန်းသူ ၄၅ ဦး တက်ရောက်

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုမှ သင်တန်းသား သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်