Skip to main content

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးသဖြင့် ရထားသံလမ်းပျက်စီးမှုဖြစ်ပွားပြီး လူစီးရထားများ ကြန့်ကြာမှုဖြစ်

နေပြည်တော် စက်တင်ဘာ ၂၇

ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၁၂၁/၂၀-၂၁ ကြားရှိ ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယနေ့နံနက်ပိုင်းတွင် ယာယီပိတ်ထားရကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေး ဆောင်ရွက်ရာတွင် မိုင်းဒဏ်ကြောင့် အရှေ့ဘက်ရထားသံလမ်းသည် (၁)ပေခွဲခန့် (၁)နေရာပြတ်တောက်ခြင်း၊ ယင်းနေရာနှင့် ၃ ပေခန့်အကွာ(၁)နေရာတွင် သံလမ်းဖိနပ်(၁)ပေခွဲခန့် ပြတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ရထားလမ်းပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြတ်တောက်သွားသော သံလမ်းအားဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင်ပြုပြင်ပြီးစီးသဖြင့် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းအား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ် အချိန်တွင် ပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မော်လမြိုင်မှ အချိန်မှန်ထွက်ခွာလာသည့် ခရီးသည်(၄၀၁)ဦး ပါရှိသော အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် ယနေ့နံနက် ၁၀ နာရီ ၃၂ မိနစ်အချိန်တွင် သထုံဘူတာသို့ ရောက်ရှိရပ်နားထားခဲ့ရပြီး နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသဖြင့် ရထားစီးပြည်သူလူထုအနေဖြင့် ၄၅ မိနစ်ခန့် ကြန့်ကြာမှုကြုံတွေ့ခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း (၁၇၈)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။