နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက “အရာအားလုံးက အက်တမ်ကနေ စတင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev ဦးဆောင်ပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများနှင့် UMFCCI မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-
ဦးကိုကိုလွင် (ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)
ဒီနေ့က Atomic Energy Forum ကို နိုင်ငံတော်အကြီးအကဲနဲ့အတူ လာကြတာပါ။ အဏုမြူ စွမ်းအင်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေ ပါလာကြတယ်။ စွမ်းအင်ဆိုတာက လူသားတွေအတွက် မရှိမဖြစ်လိုအပ်ချက်၊ အရေးကြီးဆုံးလိုအပ်ချက်ပဲ။ လူမှုဘဝရှင်သန်ဖို့၊ နိုင်ငံတစ်နိုင်ငံ စီးပွား ဖွံ့ဖြိုးဖို့စွမ်းအင်လိုတယ်။
အဲဒီမှာ Energy ဆိုတာက Energy ရရှိဖို့အတွက် Primary Energy လို့ ခေါ်တဲ့ ဒီ Energy ကို ဘယ် Source က ယူတာလဲ။ ပြီးတဲ့အခါကျမှ Secondary Energy ကို ပြန်ပြီးတော့ Transform လုပ်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့လုပ်နေတဲ့ Oil and Gas ဆိုလို့ ရှိရင် Oil and Gas ကို Primary Energy အနေနဲ့ လုပ်တယ်။ အဲဒီကနေပြီးတော့ Secondary Energy နဲ့ Transform လုပ်တဲ့ အခါကျတော့ Electricity ဆိုတာ ရတယ်။ Electricity သည် Secondary Energy။ အဲဒီ Secondary Energy ကနေပြီး တော့ လိုချင်တဲ့ လူတွေရဲ့လိုအပ် ချက်တွေကို အသုံးပြုကြတယ်။ အခု ဒီ Atomic Energy ကျတော့ Primary Energy အနေနဲ့ Atom တွေကရတယ်။ Atom တွေက Uranium ၊ Plutonium နဲ့ Thori-um အဲဒီ Atom တွေက Fusion ဖြစ်တဲ့ အခါကျတော့ Atom တွေကနေ Nucleus က ကွဲသွား တဲ့အခါ Neutron တွေ ထွက်လာတယ်။ ဒါ Primary Energy ပေါ့။ အဲဒီကနေ Secondary Energy ဖြစ်တဲ့ အမျိုးမျိုးသော အသုံးပြုမှု တွေကိုသွားရော။ အခု ဒီနေ့ကတော့ ထွက်လာတဲ့ Energy တွေကို လျှပ်စစ်ထုတ်ဖို့ပါ။ ဒီအပြင် စိုက်ပျိုးရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေမှာ သုံးမယ်။ အများကြီးသုံးလို့ ရတယ်။
အဏုမြူစွမ်းအင်လုပ်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးဆုံးကတော့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံတွေ လုပ်ရမယ်။ နံပါတ်နှစ်ကတော့ ငွေရေးကြေးရေး။ နံပါတ်သုံးကတော့ သူ့ရဲ့လုံခြုံစိတ်ချရမှု။
Security မှာ နှစ်ပိုင်းပါတယ်။ Nuclear ထုတ်တဲ့ Power-plant ကြီးတွေရဲ့ Secure ဖြစ်ဖို့ လိုတယ်။ Very High Tempera-ture မှာ သူက အလုပ်လုပ်တာ။ အဲဒီအခါကျတော့ Super Heated Region ကနေ Steam တွေ ထွက်လာတယ်။ အဲဒါကို သုံးတာ။ ဒါပေမယ့် သုံးချင်တဲ့ Steam တွေက သုံးပြီး၊ သုံးနေတဲ့အချိန်မှာ အဲဒီ Plant ကြီးကိုကျတော့ Cooling System တွေက အအေးပေးထားရတယ်။ နောက်တစ်ခါ Nuclear Atom တွေက ပြိုကွဲသွားတဲ့အခါ Radiation တွေ ထွက်လာတယ်။ အဲဒါတွေကို အကာအကွယ်ပြုလုပ်ရတယ်။ ဒါကြောင့်မို့ Nuclear ဆိုတာနဲ့ နံပါတ်တစ် Security ဆိုတဲ့နေရာမှာ အဲဒီမှာအလုပ်လုပ်မယ့်လူတွေကဟာ ဒါဆိုရင် သူတို့ဘာဖြစ်မလဲ။ စိုးရိမ် မှုတွေရှိတယ်။ နောက်တစ်ခုက အဲဒါကို သုံးစွဲမယ့်ပြည်သူလူထု။ ခုနက IAEA က ပြောသွားတယ်။ ပြည်သူလူထုက Nuclear ဆိုရင် လန့်နေကြတယ်။ အဲဒါကို ပြောပြရမယ်။
ဒီနေ့က ဒီနျူကလီးယားနည်းပညာတွေက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ အခုဆိုရင် Generation က 3 Plus (တတိယမျိုးဆက်လွန်) ဖြစ်သွားပြီ။ နောက်တစ်ခါ သူတို့ 4 ကိုသွားဖို့ သူတို့ဆွေးနွေးနေကြပြီ။ 4 သွားပြီဆိုလို့ရှိရင် ပိုပြီးတော့လုံခြုံလာမယ်။ အခုက နျူကလီးယားသုံးပြီဆိုလို့ ရှိရင် ယူရေနီယံတွေ အစွမ်းမဲ့သွားပြီဆိုရင် စွန့်ပစ်ရမယ့်ပြဿနာကို ရင်ဆိုင်ရပြီ။ စတုတ္ထမျိုးဆက်နည်းပညာမှာ Depleted Uranium တွေကို မစွန့်ပစ်ရတော့ဘူး။ ပြန်သုံးမယ်။ Reuse ပြန်လုပ်မယ်။ အဲဒါ 4th Generation ဆိုပြီးတော့ သွားနေကြတယ်။ အဲဒီမှာတော့ ရုရှားက နည်းပညာဦးဆောင်နိုင်ငံဖြစ်တယ်။ မနေ့ကလည်း နိုင်ငံတော်အကြီးအကဲတွေ ဆွေးနွေးကြတဲ့အထဲမှာ အဲဒီခေါင်းစဉ်တွေပါတယ်။ ဒီနေ့လည်း ဆွေးနွေးတယ်။ ဘာပြောပြော ကျွန်တော်တို့နိုင်ငံအနေနဲ့သည် Energy Mix ဆိုတဲ့နေရာမှာ Nuclear သည် အချိုးတစ်ခုပါကို ပါရမယ်။ အဲဒါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ်။ ဒီနေ့လည်း ကျွန်တော်တို့ နိုင်ငံတော်အကြီး အကဲရဲ့ရှေ့မှောက်မှာ လက်မှတ်ထိုးကြတယ်။ အဲဒါ ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်ရမယ်။ အဲဒါကို ပြည်သူလူထုအနေနဲ့ကလည်း ဆောင်ရွက်ရမယ်။ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်မတန်အရေးပါတယ်ဆိုတာကို ပြည်သူလူထုနားလည်ရမယ်။ ဒီဘက်ကလည်း နည်းပညာ တွေအရ Secure လုပ်မယ်။ နောက်တစ်ခါ ဒီမှာအလုပ်လုပ် မယ့် လူတွေ၊ ဒီပညာတွေသင်ဖို့အတွက် သူတို့က စိုးရိမ်စိတ်တွေ ရှိစရာမလိုဘူး။ အခုလည်း ဒီမှာ Nuclear နဲ့ပတ်သက်တဲ့ပညာရှင် ငယ်ငယ်လေးတွေ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀/၇၀ လောက်ကတည်းက ဒါကို စလုပ်နေတာ။ ဒါကို ပြည်သူလူထု အနေနဲ့ လုပ်ကိုလုပ်ရတော့မယ်။ ကြိုးစားလုပ်ရမယ်။ ဒါဆို ငါတို့ နိုင်ငံတော်အတွက် ဘယ်လိုဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အသိအမြင်လေးတွေ ရစေချင်ပါတယ်။
ဒေါက်တာသက်ခိုင်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
နိုင်ငံတော်အကြီးအကဲနဲ့အတူ မော်စကိုမှာကျင်းပတဲ့ (World Atomic Week Forum 2025) ကို လာတက်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကလည်း နိုင်ငံတော်အကြီးအကဲ ပါဝင်တဲ့ World Atomic Week ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပါတယ်။ Nuclear Technology နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ အသုံးပြုဖို့ဆိုတာ တော်တော်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မနေ့က ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတော်အကြီးအကဲများဟာ မိမိတို့ နိုင်ငံတွေအလိုက် Nuclear Technology ကို မိမိတို့လူမှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ဆွေးနွေးသွားကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့လည်း နိုင်ငံတော်ယာယီသမ္မတကြီးက မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် Nuclear Technology နဲ့အတူ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် စီစဉ်နေတဲ့ အစီအစဉ်တွေ၊ နောက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို ကျယ်ပြန့်စွာ ဆွေးနွေးသွားခဲ့ပါတယ်။ ဒီလို ဆွေးနွေးတဲ့ အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ Nuclear Technology ကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေဖြစ်တဲ့ IAEA လို အဖွဲ့အစည်းတွေ ROSATOM လို အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တာ တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီပွဲမှာဆိုရင် ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့ရဲ့ Nuclear Medicine Department ကတာဝန်ရှိသူများလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဒီ Nuclear Technology အသုံးပြုပြီးတော့ ဆေးကုသမှုတွေ၊ ရောဂါရှာဖွေမှုတွေ၊ အထူးသဖြင့် ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ကုသမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီမှာ တက်ရောက်လာခြင်းအားဖြင့် ROSATOM မှာ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး Nuclear Technology အသုံးပြုပြီးတော့ ဆောင်ရွက်မယ့်ဟာတွေ၊ ယခုလက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ ဒါတွေကိုလည်း ဆွေးနွေးနိုင်မယ့်အခွင့်အလမ်းရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ Nuclear Technology ဆေးကုသမှုလုပ်တဲ့အခါမှာ Isotope တွေ ကျွန်တော်တို့နိုင်ငံမှာလည်း ထုတ်နေတာရှိသလို ပြည်ပနိုင်ငံက တင်သွင်း ရတာတွေလည်းရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့၊ အရည်အသွေးမြင့်မားတဲ့ Isotope တွေ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့၊ ပြည်ပမှ တင်သွင်းနိုင်ဖို့တွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (World Atomic Week Forum 2025) ကို လာရောက်တက်ရောက်ခြင်းဟာဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Nuclear Technology နဲ့ လူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ နိုင်ငံတော်ယာယီသမ္မတကြီး ကိုယ်တိုင်တက်ရောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် မှတ်တိုင်တစ်ခု၊ Nuclear Technology အသုံးပြုတဲ့ မှတ်တိုင်တစ်ခုအဖြစ်နဲ့ ကျန်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရုရှား-အာဆီယံဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် ROSATOM ညွှန်ကြားရေးမှူးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်