ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ ရွှေဥဒေါင်း လမ်း၊ ရွှေတောင်ရေခဲစက်ဝန်းတွင် ယမန်နေ့ ညနေ (၃:၅၅) နာရီက ယာဉ်မောင်း ဟန်လင်းအောင်၊ (၃၈)နှစ်၏ MDY-2D/---- NISSAN(UD) (အပြာရောင်)၊ ၂၂ ဘီ ဂါလန်(၂)သိန်းခန့်ရှိ ဂျက်တီမှ ဆိပ်ခံတံတားပေါ်ရှိ ဂါလန် (၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ဆီလှယ်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဓာတ်ဆီ(92)ထည့်ထားဖူးသော တိုင်ကီအတွင်းသို့ ကားတွင်အပ်ကြိုးမချဘဲ ဒီဇယ်ထည့်ရာမှ လျှပ်စစ်စီးဆင်းမှု ပြတ်တောက်ရာ တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး မီးပွားထွက်ရာမှ အနီးရှိ ကားခေါင်းသို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် CANTER (အဖြူရောင်)(၆)ဘီး ဂါလန်(၄၀၀)ဆံ့ ယာဉ်ခေါင်း ခန်း လောင်ကျွမ်းခံရပြီး အမျိုးသား(၂)ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ရပ်ကွက်နေ ပြည်သူများမှ အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အထောက်အကူပြု ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၄၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၄:၀၂)နာရီတွင် မီးငြိမ်း သွားခဲ့သည်။
အဆိုပါမီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူအား အင်းစိန်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)