Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစီးသောအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၅

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း၊ ကော်မတီဝင်များနှင့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာပြုစုနိုင်ရေးအတွက် အတည်ပြုလူဦးရေစာရင်းတိကျမှန်ကန်ရေး ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲမကျင်းပမီ ကြားကာလအတွင်း လူဦးရေပြောင်းလဲမှုဖြစ်စဉ်များအပေါ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဧရာဝတီတိုင်းဒေသကြီး၏ အတည်ပြုလူဦးရေစာရင်း၊ ပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများ စိစစ်ပြန်ကြားနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲစာရင်းတွင်ပါရှိရေး၊ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်ပေးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မဲပေး ပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါရှိရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါဝင်ရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေးအတွက် လက်ရှိစိစစ်ဆောင်ရွက်နေမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များ စိစစ်ဆောင်ရွက်နေမှု၊ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်