နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြင်ဦးလွင်ခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို အပိုင်းလိုက်ကျင်းပမည့် မြို့နယ်များသို့ သတ်မှတ်လျာထားကာလအတွင်း ရွှေ့ပြောင်းတပ်ဆင်စမ်းသပ်ခြင်းဆောင်ရွက်ရန်၊ လျာထားမဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် မြို့နယ်အလိုက် အသေးစိတ်စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြင်ဦးလွင်ခရိုင် MEVM ကြီးကြပ်မှုနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များနှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက စက်များတပ်ဆင်စမ်းသပ်ခြင်း၊ ကိုင်တွယ်ခြင်းတို့အတွက် ဆင့်ပွားသင်တန်းပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပြည်သူများသို့ မဲပေးစက်နှင့် ဆန္ဒမဲပေးခြင်းအတွက် အသိပညာပေးဆောင်ရွက်နေမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်သည် ပြင်ဦးလွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံရေး ပါတီများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ လာရောက်တင်သွင်းနေမှုများ ကိုတာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ်လက်ခံဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင်လည်း ကော်မရှင်အဖွဲ့ဝင်သည် ကျောက်ဆည်ခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်