ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်နှင့် သဘောသဘာဝမှာ လွန်စွာကျယ်ဝန်းသကဲ့သို့ နက်လည်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် နိုင်ငံနှင့် လူမျိုးတို့၏ ကိုယ်ပိုင်ပစ္စည်းဥစ္စာသဖွယ်ဖြစ်သကဲ့သို့ အမှတ်သရုပ်လက္ခဏာလည်းဖြစ်သည်။ ယဉ်ကျေးမှုသည် လူတို့မွေးသည်မှစ၍ ဘဝတစ်လျှောက်ရှင်သန်နေထိုင်မှုမှသည် သေဆုံးသည်အထိ တွေးခေါ်၊ ပြောဆို၊ ပြုမူမှုအားလုံးမှာပါဝင်နေသည်။ ဤမျှများပြားလှသည့် ယဉ်ကျေးမှုကို သရုပ်ခွဲလျှင် တွေ့မြင်ထိကိုင်နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှုနှင့် တွေ့မြင်ထိကိုင်နိုင်ခြင်းမရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်ခုခွဲခြားနိုင်သည်။
မြေအောက်မှ တူးဖော်တွေ့ရှိရသော ပုတီးစေ့ကလေးများ၊ အိုးခြမ်းပဲ့ကလေးများနှင့် ဒင်္ဂါးပြားများမှသည် ဂူသင်္ချိုင်းများ၊ ရုပ်ထုရုပ်ထွင်းများ၊ နန်းတော်ရာများ၊ မြို့ရိုးများ၊ အဆောက်အအုံများ၊ လက်နက်ကိရိယာများ စသည်ဖြင့် တွေ့မြင်နိုင်၊ ကိုင်တွယ်ကြည့်နိုင်သော ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ တွေးခေါ်မြော်မြင်မှုများ၊ ပန်းဆယ်မျိုးအတတ်၊ စာပေ၊ အတီးအမှုတ်အဆိုအက အနုသုခုမပညာများ စသည်တို့အပါအဝင် မြင်တွေ့ကိုင်တွယ်ကြည့်နိုင်ခြင်းမရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များတို့မှာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးမှာ များစွာကြွယ်ဝလှသလို အဆင့်အတန်းအားဖြင့်လည်း မြင့်မားသည်။
ယနေ့ကမ္ဘာတွင် နည်းပညာများ မြင့်မားလာသည်နှင့်အမျှ မြေကြော၊ ရေကြောတို့ ရှုံ့လာသည်။ ကမ္ဘာ့တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာမှုမှာ နာရီပိုင်းမျှသာ ကြာမြင့်သည့်အခြေအနေသို့ ရောက်ရှိလာပြီး ကမ္ဘာ့တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ်မှုမှာမူ အချိန်နှင့်တစ်ပြေးညီ ဖြစ်လာသည်။ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အချိန်နှင့်အမျှ ဆက်သွယ်၊ သွားလာနေကြခြင်းဖြစ်ရာ ယဉ်ကျေးမှုများမှာလည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် အပြန်အလှန်စီးဆင်းနေကြသည်။ အရောရောအထွေးထွေးလည်းဖြစ်လာနေသည်။ ကမ္ဘာနှင့်ချီ၍ ရိုက်ခတ်နေသည့် လှိုင်းများ၊ ကမ္ဘာနှင့်ချီ၍ စီးဆင်းနေသည့် ရေစီးကြောင်းများကို တားဆီးပိတ်ဆို့ရန် မဖြစ်နိုင်။
အဖြစ်နိုင်ဆုံးသော အလုပ်မှာမိမိတို့၏ ကိုယ်ပိုင်အမှတ် သရုပ်လက္ခဏာဖြစ်သော ရိုးရာယဉ်ကျေးမှုကို မပျောက်မပျက်အောင် ထိန်းသိမ်းရန်နှင့် အနာဂတ်တွင် အဓွန့်ရှည်စွာ ဆက်လက်တည်တံ့နိုင်ရေးအတွက် အဆင့်အတန်းမြင့်သည်ထက်မြင့်အောင် မြှင့်တင်သွားရန်၊ ယဉ်ကျေးမှုပို့ကုန်အဖြစ် ကမ္ဘာသို့ တင်ပို့ရန်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်ပင်ဖြစ်သည်။
များပြားလှစွာသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အနုသုခုမပညာရပ်များဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသော ဆောင်ရွက်ချက်ဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယခုနှစ်တွင် (၂၆) ကြိမ်မြောက်အဖြစ် မကြာမီကျင်းပသွားမည်ဖြစ်သည်။ ရိုးရာအမွေကို ချစ်မြတ်နိုးစွာ စောင့်ရှောက်ထားအပ်ကြကုန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပညာရှင်များ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ်များမှာ နိုင်ငံတော်အဆင့်ကျင်းပမည့် ပြိုင်ပွဲကြီးတွင် မကြာမီတွေ့ဆုံကြရမည်ဖြစ်ပြီး အချင်းချင်းချစ်ကြည် ရင်းနှီးစွာ တွေ့ဆုံခွင့်၊ ပညာဖလှယ်ခွင့်လည်း ရကြတော့မည်ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်မြှင့်တင်ခြင်း၊ ပြည်ထောင်စုဖွားသွေးချင်းများအကြား ရင်းနှီးချစ်ခင်ခြင်းမှသည် နိုင်ငံတစ်ဝန်းငြိမ်းချမ်းခြင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက်ခြင်းအထိ အနုသုခုမပညာရပ်များဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါစေကြောင်း။ ။