Skip to main content

ယုံကြည်လုံခြုံစိတ်ချ မဲပေးရေးစနစ်ကျ

ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ များကိုအောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည်။ ။

ယခုနှစ်တွင် ကြိုတင်ဆန္ဒမဲပေးရေးကို ဆောင်ရွက်ကြရာ၌ ယခင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ကာလများက ကျင်းပခဲ့သော ဆန္ဒမဲပေးခြင်း များနှင့်မတူပေ။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေများကြောင့် အသက်အရွယ် ကြီးသူများ၊ မဲဆန္ဒနယ်ပြင်ပရောက်ရှိ နေသူများအား ကြိုတင်ဆန္ဒမဲပေးရေးလုပ်ငန်း များကို ရပ်ကွက်/ကျေးရွာများ အလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ရာ ပြည်လုံး ကျွတ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့၌ လူစုလူဝေး၊ လူသူထူထပ်မှုကို လျှော့ချ နိုင်မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။ ။

ကြိုတင်ဆန္ဒမဲပေးရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆောင်ရွက် ကြရာတွင် ကိုဗစ်ရောဂါဆိုင်ရာ ကျန်းမာရေးလုပ်ငန်းစဉ်များ နှင့် ရွေးကောက်ပွဲဆိုင်ရာ၊ ကြိုတင် ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းနည်းလမ်း၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း၊ ပြင်ဆင်စီမံ ဆောင်ရွက် ခဲ့သည်ကို တွေ့ရပါသည်။ ထိုသို့ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နေရာဒေသအမျိုးမျိုး၊ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် အဖုံဖုံတို့ဖြင့် အချိန်မီ အချိန်ကိုက် ဆောင်ရွက်ကြရာ၌ ဆန္ဒမဲ ပေးရေး လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလိုလိုအပ်ချက်၊ အားနည်း ချက်၊ ချို့ယွင်းချက်၊ မှားယွင်းချက် အမျိုးမျိုး တို့လည်း ရှိခဲ့ပေသည်။

ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊ သတ်မှတ်ထား သည့် အချက်များ၊ ချို့ယွင်းချက်များ၊ လိုက်နာရမည့်အချက် များ၊ သိရှိရမည့် အချက် များနှင့် အသိပေးဆောင်ရွက်နိုင်သည့် အခြေအနေ အမျိုးမျိုးတို့နှင့် ဆန္ဒမဲလက်မှတ် များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ ရွေးကောက်ပွဲ လုံခြုံရေး၊ စောင့်ကြပ်ကြည့်ရှုလေ့လာရေး အချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်အသိပေးထားပြီး အများပြည်သူတို့အားလည်း ဆန္ဒမဲမပေးမီကြိုတင်ကြေညာအသိပေးခဲ့သည်။

ကြိုတင်ဆန္ဒမဲပေးရေး၊ ပြည်လုံးကျွတ်ဆန္ဒမဲပေးရေး ပြုလုပ်ကြရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယခုနှစ် ဇွန်လကတည်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ အဆင့်ဆင့်ညှိနှိုင်းကာ မဲရုံများ၊ မဲဆန္ဒရှင် များအတွက် သာမကပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သည့် စံလုပ်ငန်းများ ဖြစ်သော မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်သည့် ကိစ္စများ၊ ရွေးကောက်ပွဲ ဆိုင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် ကူးစက်ရောဂါကာကွယ်ရေးနှင့် ပတ်သက် သည်များကို ဆိုင်ရာနှင့်တကွ ပြည်သူ အားလုံး သိရှိနိုင်ရန် အသိပေး ထုတ်ပြန်ခဲ့သည်။

ရပ်ကွက်/ကျေးရွာ မဲရုံများတွင် မဲရုံအတွင်း လိုက်နာရမည့်စည်းကမ်း ချက်များ၊ မဲရုံပြင်ပတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ကြိုတင် အသိပေးထုတ်ပြန် ထားသည်။ မဲရုံအပြင်တွင် လူစုလူဝေးမဖြစ်ရေး၊ စနစ်တကျ မဲပေးနိုင်ရေး၊ ကျန်းမာရေး နှင့်ညီညွတ်ရေး အတွက် ကူညီဆောင်ရွက် ပေးရမည့်တာဝန်ကျဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများချထားပေးပြီး မဲရုံအတွင်း၌လည်း အဖွဲ့အစည်းအသီးသီးမှ တာဝန်ပေးထားသူ ၁၀ ဦးခန့်အား ဆန္ဒမဲကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဥပဒေစည်းကမ်းများနှင့် ဆောင်ရွက် နိုင်ရန် စီစဉ်ခဲ့သည်ကို တွေ့ရပါသည်။ မည်သို့ပင်စီစဉ်ထားသော်လည်း ချို့ယွင်းချက်၊ အားနည်းချက်၊ ဖောက်ဖျက် ချက်များ ရှိနိုင်သည်။ ထိုသို့ရှိလျှင် စည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် နေသည် ကို တွေ့ရသည်။

သို့ဖြစ်ရာ အထွေထွေရွေးကောက်ပွဲနေ့ကို မကြာမီရောက်ရှိတော့မည် ဖြစ်သည်။ ထိုနေ့ မတိုင်မီ ကြိုတင်ဆောင်ရွက်ခဲ့သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်ခဲ့သည့် လိုအပ်ချက်များ၊ ပြဿနာများ၊ စိန်ခေါ်မှု များကို သင်ခန်းစာယူ၍ ဆောင်ရွက်ဖွယ် ရာများကို အလျင်အမြန် ပြင်ဆင်ဆောင်ရွက်ပြီး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပါဝင်ပတ်သက်သူ အားလုံးက အမျိုးသားရေးအဖြစ်ခံယူကာ အတိအကျဆောင်ရွက် သွားခြင်းဖြင့် ပြည်သူများ ယုံကြည်လုံခြုံ စိတ်ချစွာ မဲပေးနိုင်မည်ဖြစ်ပါကြောင်း။ ။