ပညာရေးဝန်ထမ်းတစ်ဦး
ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးကို အရေးကြီးသည့်ကိစ္စတစ်ရပ်အဖြစ် နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဟူ၍ နှိုးဆော်တိုက်တွန်းနေရခြင်းမှာ ပညာတတ်လူငယ်များဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် မျှော်မှန်းချက်ပင်ဖြစ်သည်။
ကျောင်းတက်ရမည့်အရွယ်တွင် ကျောင်းသား ကျောင်းသူ တိုင်းကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေး၊ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများတိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာနှင့် အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်စေရေးတို့ကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်စီးကာ ကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့်အတွက် ပညာသင်ကြားသင်ယူမှုအခွင့်အလမ်းများ ဆုံးရှုံးခဲ့ကြရသည်။ ယခုအခါ နောင်ချိုမြို့တွင် အေးချမ်းသာယာလာပြီဖြစ်၍ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးနိုင်ခဲ့ပြီဖြစ်သည်။
နောင်ချိုမြို့နယ်အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်ခါစ၌ ကျောင်း ၂၀ ဝန်းကျင်သာ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဒေသအာဏာပိုင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုစက်တင်ဘာလဆန်းတွင် အခြေခံပညာကျောင်းပေါင်း ၁၆၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၀၀၀ ကျော်ထိတိုးတက်လာပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြပြီဖြစ်သည်။ ဆက်လက်ဖွင့်လှစ်မည့်ကျောင်းများနှင့် ကျောင်းလာတက်သည့် ကျောင်းသားအရေအတွက် နေ့စဉ်နှင့်အမျှ တိုးလာနေသည်မှာ ကြည်နူးစရာပင်။ တစ်နည်းဆိုသော် နောင်ချိုမြို့တွင် ပညာပန်းများ ပြန်လည်ပွင့်လန်းလာခြင်းပင်ဖြစ်သည်။
စာရေးသူသည် စက်တင်ဘာ ၁၂ ရက်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့်အတူ နောင်ချိုမြို့နယ်သို့ ပညာရေးမြှင့်တင်ရေး ခရီးစဉ်တွင်လိုက်ပါ၍ သတင်းရယူခွင့်ရခဲ့သည်။ ခရီးစဉ်အတွင်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် တွေ့ဆုံပွဲအပြီးတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ ကျောင်းသားမိဘ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ရာ နောင်ချိုမြို့တွင် ပညာပန်းများ ပြန်လည်ပွင့်လန်းလာနေသည့် အခြေအနေနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ပီတိစကားသံများကို ယခုလိုကြားသိခဲ့ရသည်-
ဒေါ်နန်းညွန့်ညွန့် ကျောင်းအုပ်ကြီး၊ အထက(လုံကာ)
ကျောင်းတွေ အခုလို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အင်မတန်ဝမ်းသာရပါတယ်။ ကျောင်းပိတ်ထားတဲ့အတွက် ကျွန်မတို့ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အင်မတန်အားငယ်ခဲ့ရပါတယ်။ ကလေးတွေအတွက် စိတ်မချမ်းသာရပါဘူး။ ပညာသင်ကြားဖို့ တစ်နှစ်တာနောက်ကျသွားလို့ အင်မတန်စိတ်မကောင်းဖြစ်ရတယ်။ ကျောင်းပြန်ဖွင့်ချိန်မှာ မိဘတွေနဲ့ပူးပေါင်းပြီး ကလေးတွေကို ကျောင်းကိုရောက်အောင် ခေါ်ပါတယ်။ ကျောင်းပြန်တက်ဖို့ စီစဉ်ပါတယ်။ မိဘတွေကလည်းကလေးတွေကို ပညာတတ်စေချင်ကြတယ်။ နိုင်ငံတော်အစိုးရက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုလိုကျောင်းတွေ အချိန်မီပြန်ဖွင့်ပေးတဲ့အတွက် ကျွန်မတို့ ဆရာ ဆရာမတွေကလည်း အားတက်သရော အချိန်ပိုတွေသင်ကြားပေးနေပါတယ်။ ဒါကြောင့် ကျွန်မတို့က အချိန်နဲ့တစ်ပြေးညီ ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူတွေကလည်း စိတ်အားတက်ကြွစွာနဲ့ စာသင်နေကြပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့လိုအပ်ချက်တွေကို မိဘ၊ ဆရာ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့ကော်မတီတွေက ပူးပေါင်းပြီး ဆောင်ရွက်သလို နိုင်ငံတော်အစိုးရကလည်း ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို အချိန်နဲ့တစ်ပြေးညီ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒေါ်လှလှမြင့် ကျောင်းသားမိဘ၊ ဘူတာရပ်
ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အပေါ် အတိုင်းမသိ ဝမ်းသာပါတယ်။ ဆရာ ဆရာမအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ယာယီတိုက်ပွဲရှောင်ကာလမှာ သွားရေး၊ လာရေးအပါအဝင် ကျွန်မတို့ အတော်ဒုက္ခရောက်ခဲ့ရပါတယ်။ အခုလို နောင်ချိုမြို့မှာ ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ကျွန်မတို့ ကလေးတွေအတွက် ဝမ်းသာရပါတယ်။
ဆရာမ ဒေါ်ဖြူဖြူလွင် အလယ်တန်းပြ အ.ထ.က(၁) နောင်ချို
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်၊ အဲဒီနေ့က အင်္ဂါနေ့ပါ။ တနင်္လာနေ့မှာ ကျွန်မတို့ ကျောင်းတက်သေးတယ်။ အင်္ဂါနေ့မနက် ကျောင်းတက်မယ့်အချိန်မှာ ရုတ်တရက်ဖြစ်သွားတော့ ကျွန်မတို့ကလေးတွေနဲ့ ခွဲခွာလိုက်ရပါတယ်။ မနှစ်တုန်းက Grade-9 မှာ ကျောင်းသား ၂၉၀ လောက်ရှိတယ်။ သူတို့ကို ကျွန်မ ပညာမသင်ပေးနိုင်ခဲ့ပါဘူး။ အခုတော့ ကျွန်မတို့ အားကြိုးမာန်တက်သင်ကြားနေပါတယ်။ အခက်အခဲတွေကြားထဲမှာ လာပြီးပညာသင်တဲ့အတွက် ကျွန်မဝမ်းသာပါတယ်။ ဒီထက်အများကြီး လာစေချင်ပါတယ်။ တချို့ကလေးတွေက တခြားမြို့တွေမှာသွားပြီး ပညာသင်ကြတယ်ထင်ပါတယ်။ အခုဒီအတန်းမှာရှိတဲ့ကလေးတွေက မနှစ်ကတစ်နှစ်ပတ်လုံး စာမသင်ခဲ့ရတဲ့ ကလေးတွေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းသားအဟောင်းလေးတွေပါ။ ကျွန်မတို့ရဲ့ Register ထဲမှာရှိတဲ့ ကလေးတွေ အကုန်ပြန်လာပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အဝေးမှာရောက်ပြီး မသင်ရသေးတဲ့ကလေးတွေ ပြန်ပြီးတော့လာကြပါလို့ ဖိတ်ခေါ်ပါတယ်။ အားလုံးကို ပညာသင်ပေးချင်ပါတယ်။
မောင်ဇင်ယော်ထွန်း၊ Grade-11 အ.ထ.က(၁) နောင်ချို
သားတို့ကျောင်းပိတ်ထားတဲ့ အခါကျတော့ ဒုက္ခရောက်ခဲ့တယ်။ ကိုယ့်အိမ်တွေ၊ ဆိုင်တွေကိုလည်း ပစ်သွားခဲ့ရတယ်။ သားတို့ရဲ့သူငယ်ချင်းတွေကျတော့ တခြားမြို့တွေမှာသွားပြီး ကျောင်းတက်နိုင်တယ်။ သားတို့ကျတော့ တခြားနေရာမှာသွားပြီး ကျောင်းတက်ဖို့ဆိုရင် လိုအပ်ချက်တွေရှိတယ်။ မိသားစုရေးရာရော၊ စားဝတ်နေရေးရော လိုအပ်ချက်တွေ ရှိတဲ့အတွက်ကြောင့် ကျောင်းမတက်ဘဲ မိသားစုစီးပွားရေးကိုပဲ အတူတူကူပြီးလုပ်ခဲ့ရတယ်။ သားသူငယ်ချင်းတချို့လည်း တက်နိုင်တယ်။ တချို့က မတက်နိုင်ပါဘူး။ အခုတော့ ပြန်လာပြီးကျောင်းတက်ကြတယ်။ ပြန်မလာသေးတဲ့ သူငယ်ချင်းတွေကိုလည်း သားတို့နဲ့အတူ ပြန်လာပြီးတက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုအေးချမ်းသွားပါပြီ။ သားတို့ကျောင်းမှာလည်း ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးကြိုးစားစားစာတွေကို သင်ယူနေကြပါတယ်။
မနန်းမေဖူးစံ၊ Grade-10 အထက(၁) နောင်ချို
သမီးတို့က ဒီမှာကျောင်းစပိတ်တဲ့အချိန်မှာ ရှောင်ခဲ့ရပါတယ်။ အလောတကြီး ရှောင်ရတဲ့အချိန်မှာ ဘာပစ္စည်းမှ မယူနိုင်ခဲ့တဲ့အတွက် ကျောင်းတက်ဖို့လည်း ခက်ခဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျောင်းကနေစပြီး ပြေးခဲ့ရတာ လည်းဖြစ်တဲ့အတွက် အိမ်ကမိသားစုတွေနဲ့ တကွဲတပြားစီဖြစ်ကုန်ပြီး ဘာမှပါမလာတဲ့အတွက် ဝတ်ဖို့၊ စားဖို့တောင်မနည်းကို ရုန်းကန်ခဲ့ရပါတယ်။ အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ ကိုယ့်အိုးကိုယ့်အိမ်မဟုတ်တဲ့အတွက် သူများရဲ့အရိပ်အခြည်ကိုလည်းကြည့်ရပါတယ်။
ပြီးတော့ ကိုယ့်အရပ်ဒေသ မဟုတ်တဲ့အတွက် ဘယ်ကနေဘယ်လိုစပြီး လှုပ်ရှားရမယ်ဆိုတာကို မသိခဲ့ပါဘူး။ အခုကျောင်းပြန်ဖွင့်တဲ့အချိန်မှာ ကိုယ့်နေရာဒေသကို ပြန်လာပြီး ကိုယ့်အိမ်ကနေပဲ ကျောင်းတက်ရတယ် ဆိုတော့အဆင်ပြေပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသမို့ပျော်ပါတယ်။ စားဖို့သောက်ဖို့ဆိုတာလည်း ပူစရာမလိုတော့ဘူး။ စိတ်ပူစရာမလိုတော့ဘူး။ ကိုယ်အရင်တုန်းကနေခဲ့ရတဲ့ နေရာလည်းဖြစ်လို့ ပျော်ပါတယ်။ သမီးတို့သူငယ်ချင်းတွေထဲမှာ ကွဲသွားတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ အခုပြန်မတက်နိုင်သေးတဲ့ သူငယ်ချင်းတွေကိုလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်နေလို့ရပြီဖြစ်တဲ့အတွက် အရင်လိုပြန်လည်ငြိမ်းချမ်းနေပြီဖြစ်လို့ ပြန်လာစေချင်ပါတယ်။ အခုလိုကျောင်းပြန်တက်နိုင်အောင် လုပ်ပေးခဲ့တဲ့ လူကြီးတွေ ရော၊ ဆရာ ဆရာမတွေရော ကျေးဇူးတင်ပါတယ်။ သမီးတို့လည်း ပျော်ရွှင်ရပါတယ်။
နိုင်ငံတော်အစိုးရနှင့် မိဘပြည်သူများ၊ ဆရာ ဆရာမများ၏ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုကြောင့် နောင်ချိုမြို့တွင် ကျောင်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ ယခုပညာသင်နှစ်တွင် နောင်ချိုမြို့၌ ပညာပန်းများ ပြန်လည်ပွင့်လန်းနေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည်ကို တွေ့မြင်ကြရပြီဖြစ်သည်။ ဤဒေသတွင် ပညာသင်ယူမှု အခွင့်အလမ်းများ အပြည့်အဝရရှိခြင်းနှင့်အတူ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့သည်လည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာတော့မည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။