Skip to main content

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံအကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ် - မြန်မာဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၂

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group(CMG)တို့ ပူးပေါင်းကျင်းပသည့် အတူဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း “ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ” အကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ်-မြန်မာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးပုဂ္ဂိုလ် ဒေါက်တာနိုင်ဆွေဦးနှင့်အဖွဲ့ဝင် ဒေါက်တာခင်မောင်လွင်၊ ဆွေးမျိုးပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ အမျိုးသားဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ” မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးကြီး Dr. Zheng Zhihong က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံတို့ နောက်တွင် တရုတ်နိုင်ငံမှ ထပ်မံအဆိုပြုသည့် နောက်ထပ်အရေးပါသော အစီအမံတစ်ရပ်ဖြစ်ကြောင်း၊ အနာဂတ်ကိုကြည့်ပါက တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသော နိုင်ငံကြီး၏ အခန်းကဏ္ဍကို ဆက်လက်ဖော်ထုတ်၍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု စနစ်ပြုပြင်ပြောင်းလဲရေးနှင့် ပြည့်စုံတိုးတက်မှုရှိစေရေးအတွက် နည်းလမ်းများနှင့်ခွန်အားများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေးရာစီမံခန့်ခွဲမှုအတွေ့အကြုံ ကူးလူးဖလှယ်မှုများ တိုးမြှင့်လုပ်ဆောင်ပြီး ခေတ်မီတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အတူလက်တွဲချီတက်ကာ တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို ရေရှည်တည်ငြိမ်စွာတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတွင် “ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ၏ အနှစ်သာရ၊ ယနေ့ကမ္ဘာကြီးအတွက် အရေးပါမှုနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံမှ ဖော်ဆောင်ပေးသောလမ်းစ”စသည့် ခေါင်းစဉ်တို့ဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုတို့ကို မတူညီသော ရှုထောင့်များဖြင့် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်