Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များလေ့ကျင့်နေမှုနှင့် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အင်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များ အရှိန်အဟုန်မပြတ် ကြိုးစားလေ့ကျင့်ပြင်ဆင်နေမှုကို ကြည့်ရှုအားပေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လက်ဝှေ့၊ ဖူဆယ်နှင့် တင်းနစ်လေ့ကျင့်ရေးကွင်းရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်နေမှု၊ အမျိုးသား(Nage-no-kata)နှင့် အမျိုးသမီး (Ju-no-kata) လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်သူများဖြစ်အောင် ကြိုပမ်းဆောင်ရွက်သွားရန်၊ မိမိတို့ရရှိထားသည့် စံချိန်စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလေ့ကျင့်သွားရန်၊ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် ပြိုင်ပွဲအတွေ့အကြုံများများရရှိစေရန် အကြီးတန်းနှင့်အငယ်တန်းပြိုင်ပွဲများကို လစဉ်ကျင်းပပေးပြီး အားကစားသမားများ၏အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ပြုပြင် သင်ကြားလေ့ကျင့်ပေးသွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်ဟိုတယ်များ ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ ဧည့်သည်လက်ခံနိုင်ရေးနှင့် ဝန်ဆောင်မှုပေးရန်ပြင်ဆင်ထားရှိမှု၊ ဟိုတယ်အလိုက်အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများ အဆင့်အတန်းမီစွာ လက်ခံကျင်းပနိုင်ရေးအတွက် အဆင့်မြှင့်တင်ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်