နေပြည်တော် နိုဝင်ဘာ ၄
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင်၊ ဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ နေပြည်တော် ကောင်စီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးနှင့် ပတ်သက် သည့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တာဝန်ခံဝန်ကြီးများသည် Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြ သည်။
ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဗဟို ကော်မတီအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၊ Volunteer များ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့် အဝရရှိစေပြီး ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မဲပေး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း များကို တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းကာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ အချိန်မီဖြန့်ဝေ လျက်ရှိပါ ကြောင်း ၊ ယင်းကာကွယ်ရေးပစ္စည်းများသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ ရန်ကုန်နှင့် မန္တလေးလေဆိပ်တို့တွင် စနစ်တကျလက်ခံရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အသီးသီး သို့ ဆက်လက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယင်းပစ္စည်း များအား နေ့စဉ်ရောက်ရှိမှုအခြေအနေအရ ဦးစားပေးနယ်မြေအလိုက် စနစ်တကျပေးပို့လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များကို အဓိကဦးစားပေးအနေဖြင့် ဖြန့်ဝေပေးပို့လျက်ရှိပါ ကြောင်း။
တရုတ်နိုင်ငံမှ ပေးပို့သောပစ္စည်းများ သည် ရန်ကုန်လေဆိပ်သို့ အောက်တိုဘာ (၁၇) ရက်တွင် လည်းကောင်း၊ မန္တလေးလေဆိပ်သို့ အောက်တိုဘာ (၂၄) ရက်တွင် လည်းကောင်း စတင်ရောက် ရှိခဲ့ရာ နိုဝင်ဘာ(၂) ရက်အထိ ရန်ကုန်လေဆိပ်သို့ လေယာဉ် ခေါက်ရေ (၇၄) ခေါက်၊ မန္တလေးလေ ဆိပ်သို့ (၄၀) ခေါက်၊ စုစုပေါင်း လေယာဉ်ခေါက်ရေ (၁၁၄) ခေါက် ရောက်ရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ မှာယူထားသည့် ပစ္စည်းများသည် အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်ပြီး အရေအတွက်အနည်းငယ်သာ ရောက်ရှိရန် ကျန်ရှိ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကာကွယ်ရေးပစ္စည်းများကို တရုတ် နိုင်ငံ ဘက်မှ အလုပ်ပိတ်ရက် ကန့်သတ်ချက်များရှိသည့်ကြားမှ မှာယူရသည့်အပြင် နိုင်ငံတကာ လေကြောင်းလိုင်းများ အကန့်အသတ်ဖြင့် ပြေးဆွဲနေသည့်ကြားမှ အချိန်လုပြီးဆောင်ရွက် ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အချိန်တိုအတွင်း လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ယခင်အစည်းအဝေးတွင် ပြောကြားခဲ့သည့်အတိုင်း ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများအား သက်ဆိုင်ရာမဲရုံများသို့ဖြန့်ဝေ ပေးပြီးပါက ပိုလျှံသောပစ္စည်းများကို စာရင်းဇယားများဖြင့် စနစ်တကျ ပြန်လည်အပ်နှံရေး၊ ပစ္စည်းများသယ်ယူပို့ဆောင်ဖြန့်ဖြူး ရာတွင် သုံးစွဲကုန်ကျခဲ့သည့် ကုန်ကျစရိတ်များအား လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ စနစ်တကျ ပြန်လည်တင်ပြတောင်းခံရေး အလေးထားဆောင်ရွက် ကြရန် အရေးကြီးပါကြောင်း၊ ယခုအစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိမှု၊ သက်ဆိုင်ရာ မဲရုံများသို့ ဆက်လက်ဖြန့်ဖြူးမှု၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ မိမိတို့ ဗဟိုကော်မတီက ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တာဝန်ခံဝန် ကြီးများက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ရန်ကုန်နှင့် မန္တလေးလေဆိပ်များ တွင် လက်ခံရရှိမှုနှင့် သယ်ယူမှုအခြေအနေ၊ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ဆက်လက် ဖြန့်ဖြူး ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လက်ကျန်ပစ္စည်းများအား ပြန်လည်အပ်နှံနိုင်ရေးနှင့် ကုန်ကျ စရိတ်များ တွက်ချက်ထားရှိမှုအခြေအနေ၊ ရွေးကောက်ပွဲ မကျင်းပမီသက်ဆိုင်ရာမဲရုံများသို့ အချိန်မီ ရောက်ရှိနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုတင်ပြချက်များ အရ အရေးကြီးသည့် ကာကွယ်ရေးပစ္စည်းများသည် သက်ဆိုင်ရာ ဒေသများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ရောက်ရှိသည့် ပစ္စည်းများအား သတ်မှတ်ချိန်တွင် ထိရောက်လုံ ခြုံစွာ စနစ်တကျ အသုံးပြုဆောင်ရွက် ကြရေးအတွက် တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်းနှင့် ယခုလုပ်ငန်းစဉ်အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ၊ မဲရုံတာဝန်ကျဝန်ထမ်းများ ၊ Volunteer များအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN 95 Mask (၃၅) သန်း အနက် (၃၄) သန်းကျော် ၊ Examination Gloves PVC (Vinyl) (၁၀) သန်း အနက် (၂) သန်းကျော်၊ Face Shield (၉) သန်း အနက် (၈) သန်းခန့် ၊ Surgical Gowns (၂)သန်း (၅) သိန်း အနက် (၈) သိန်းခန့် ၊ Surgical Cap (၂) သန်း အနက် (၄) သိန်းကျော် ၊ Protective Face Mask (၅) သိန်း၊ PPE (Coverall) (၅) သိန်း အနက် (၄) သိန်း (၅) သောင်းကျော်၊ Goggles (၅) သိန်း အနက် (၄) သိန်း၊ Surgical Gloves (၅) သိန်း ၊ Boots (၅) သိန်း အနက် (၃) သိန်းကျော်၊ Boots Cover (၅) သိန်း အနက် (၁) သိန်းကျော် တို့သည် နိုဝင်ဘာ (၂) ရက်အထိ လေယာဉ်ခေါက်ရေ (၁၁၄) ခေါက်ဖြင့် ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဝေခဲ့ ကြောင်းနှင့် ကျန်ရှိသော ကာကွယ်ရေးပစ္စည်းများသည် နိုဝင်ဘာ (၅) ရက်အထိ သက်ဆိုင်ရာ လေဆိပ်များသို့ ရောက်ရှိလာမည်ဖြစ်ပြီး သက်ဆိုင်ရာမဲရုံများသို့ ရွေးကောက်ပွဲမကျင်းပမီ အချိန်မီ ရောက်ရှိနိုင်ရေး ပေးပို့ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)