Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်အတွင်း နေကြာစိုက်သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့တွင် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပသည်။

အဆိုပါပေးအပ်ပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

မျိုးနှင့်သွင်းအားစုများပံ့ပိုး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးလျက်ရှိပြီး ယခုအခမ်းအနားတွင် တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တို့မှနေကြာ စိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိသောသီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံ နေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိ အထွက်တိုးမျိုးနှင့် သွင်းအားစုများကိုပေးအပ်သည်။

ဆက်လက်၍ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village)၌ မြစင်္ကြာရက်ကန်းလုပ်ငန်းတွင် ကြာချည်မျှင်ထုတ်ပုံ၊ ကြာချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များ၊ ပိုးချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များနှင့် ရက်ကန်းထည် ထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးငလျင်ဘေးဒဏ်သင့် ညောင်ရွှေမြို့နယ်မှ ကျေးရွာ ၂၉ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၃၅၀၊ ကျေးရွာရှစ်ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၂၀၀၀၊ ကျေးရွာ ၁၁ ရွာအတွက် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၉၀၀ စုစုပေါင်းကျေးရွာ ၄၈ ရွာအတွက် စုစုပေါင်းရန်ပုံငွေကျပ် သိန်း ၈၂၅၀ ကို ကျေးရွာအလိုက် ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဆိုးဆေးနည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အင်းလေးဖောင်တော်ဦးရုပ်ရှင် တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ မန္တလေးငလျင်ကြီးကြောင့် စေတီတော်မြတ်ကြီး ထိခိုက်မှုများ ပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ငလျင်ဒဏ်သင့်ကျောင်းဆောင်များ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်